27.12.13

ဒေါ်လာ နှစ်သောင်းငါးထောင်တန် မြင်းများအတွက် မြင်းစာတောင့်စက်ရုံ တည်ဆောက်မည်

မြန်မာနိုင်ငံ မြင်းစီး အားကစားနည်း တိုးတက်စေရေးနှင့် မြင်း မျိုးကောင်းမျိုးသန့်များ ရရှိစေရန် သြစတြေးလျ နိုင်ငံမှ ဒေါ်လာ နှစ်သောင်းငါးထောင်တန် မြင်း ၂၄ ကောင် ဝယ်ယူခဲ့ရာ ယင်းမြင်းများအတွက် မြင်းစာတောင့် စက်ရုံကို အိန္ဒိယ ကုမ္ပဏီတစ်ခုနှင့် ပူးတွဲ တည်ဆောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။


လက်ရှိအချိန်၌ ယင်းမြင်းများအတွက် ဝယ်ယူထားသည့် မြင်းစာများကို မလေးရှားနိုင်ငံက တင်သွင်းရခြင်းကြောင့် ငွေကြေး အကုန်အကျ များခြင်းနှင့် ပြည်တွင်း မြင်းစာ ကျွေး မရသည့် ပြဿနာကြောင့် မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် အလုပ်အမှုဆောင်များနှင့် မြင်းစာ ထုတ်လုပ်သည့် အိန္ဒိယ ကုမ္ပဏီတို့ ယင်းစက်ရုံကို ၂၀၁၄ ခုနှစ်အတွင်း ပူးတွဲ တည်ထောင်ရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

မြင်းစာစက်ရုံကို တည်ဆောက်ခြင်းဖြင့် နိုင်ငံတကာသို့လည်း မြင်းစာ တင်ပို့နိုင်မည် ဖြစ်သလို နိုင်ငံတစ်ဝန်းလုံးရှိ မြင်းများ အတွက်လည်း ကောင်းမွန်သော အစာကို အလွယ်တကူ ရရှိမည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် မလေးရှားနိုင်ငံထုတ် မြင်းစာတောင့်ကိုသာ ဝယ်ယူသုံးစွဲနေရပြီး ထိုင်းနိုင်ငံ CP ကုမ္ပဏီကလည်း မြင်းစာများ ထုတ်လုပ်ကာ ကမ္ဘာအနှံ့သို့ ရောင်းချလျက် ရှိကြောင်း ၎င်းကပြောကြားသည်။

ယင်းမြင်းများကို မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် ဥက္ကဋ္ဌ အပါအဝင် အလုပ်အမှုဆောင်များနှင့် ငွေကြေး တတ်နိုင်သည့် မြင်းဝါသနာရှင်များက ဝယ်ယူထားခြင်း ဖြစ်ပြီး SEA Games ပြိုင်ပွဲတွင် အသုံးပြုနိုင်ရန်အတွက် ပေးအပ်ထားခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲ ပြီးဆုံးချိန်တွင်လည်း ယင်းမြင်းများ အစားအသောက် ကျွေးမွေးရန်နှင့် ထိန်းကျောင်းရန် အခက်အခဲ ရှိသောကြောင့် မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ်တွင်သာ ထားရှိကြောင်း မြင်းစီးပြိုင်ပွဲဝင် ကစားသမားအချို့ထံမှ သိရသည်။

မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ်သည် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ မြင်းစီး အားကစားနည်းတွင် ငွေတံဆိပ်ဆု သုံးခုသာ ရယူနိုင်ခဲ့သည့်အတွက် နိုင်ငံအလိုက် အဆင့်သုံးနေရာတွင် ရပ်တည်ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment