27.2.14

လျှပ်စစ်မီး တစ်ယူနစ် ၁၀၀ ကျပ် ကောက်ခံမည့်သတင်း မမှန်

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် လျှပ်စစ်မီတာ အသုံးပြုမှု တစ်ယူနစ်လျှင် တစ်ရာကျပ် ကောက်ခံမည့် သတင်းမှာ မဟုတ်မှန်ကြောင်း ခရိုင်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးတင်ဆိုင်ဦးက The Voice သို့ အတည်ပြု ပြောဆိုသည်။
“တစ်နိုင်ငံလုံးမှာ ကောက်ခံနေသလိုပဲ လုပ်ငန်းသုံး ၇၅ ကျပ်၊ အိမ်သုံး ၃၅ ကျပ်နှုန်းနဲ့ပဲ ကောက်ခံနေပါတယ်။ တစ်ယူနစ် တစ်ရာကျပ် ကောက်မယ်ဆိုတာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောဆိုသည်။
အိမ်ခြေ ၇၅၀၀ ခန့်ရှိသော ဂန့်ဂေါမြို့တွင် ယခုအခါ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး ရရှိ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊ မီတာ လျှောက်ထားခြင်း များကိုလည်း တပ်ဆင်မည့် ပစ္စည်းအပေါ် မူတည်ကာ နေ့ချင်းပြီး ပြုလုပ်ပေးနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လျှပ်စစ်မီး ၂၄ နာရီရရှိမှုမှာ လေးလမပြည့်မီ ထိုသို့ သတင်းထွက်ခဲ့ခြင်း ဖြစ်ပြီး တစ်ယူနစ် တစ်ရာကျပ်နှုန်းဖြင့်သာ ကောက်ခံပါက လျှပ်စစ်မီးယူမည် မဟုတ်ဘဲ ဆိုလာမီးဖြင့်သာ အသုံးပြုမည် ဖြစ်ကြောင်း ဂန့်ဂေါမြို့ စည်ပင်သာယာ ရပ်ကွက်နေတစ်ဦးက ပြောကြားသည်။

၆၆ KV မဟာဓာတ်အားလိုင်းမှာ ပေါက်မြို့ရှိ ချောင်းကူး ဓာတ်အားခွဲရုံမှ တစ်ဆင့် ဂန့်ဂေါမြို့နယ် ကျောကျေးရွာသို့ ရောက်ရှိပြီး ကျောမှတစ်ဆင့် ဂန့်ဂေါသို့ ပြန်လည် သွယ်ယူကာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်မှ စတင်ကာ ၂၄ နာရီ လျှပ်စစ်မီး ပေးနေကြောင်း၊ ယခင် မီးစက်ဖြင့် မီတာ ၇၄၀ လုံးပေးခဲ့ပြီး ယခုအခါ ၁၉၀၀ လုံး တိုးချဲ့ပေးနိုင်ပြီ ဖြစ်ကြောင်း၊ မီတာတပ်ဆင်ခ အနေဖြင့် ရိုးရိုး မီတာတစ်လုံးလျှင် ၆၅,၀၀၀ ကျပ်၊ ဒစ်ဂျစ်တယ်မီတာ တစ်လုံးလျှင် ၉၀,၀၀၀ ကျပ်ဖြင့် ပြုလုပ်ပေးနေပြီး မီးသုံးစွဲသူများ လိုအပ်ချက်အရ ထရန်စဖော်မာ ခုနစ်လုံးနှင့် မီးတိုင်အသစ်များ လဲလှယ် တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ ဂန့်ဂေါမှ ဟားခါးသို့ သွယ်တန်းမည့် ၆၆ KV မဟာဓာတ်အား လိုင်းကိုလည်း ဓာတ်ကြိုးတိုင်များ တည်ဆောက်နေကြောင်း ခရိုင်လျှပ်စစ် အင်ဂျင်နီယာမှူးရုံးထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment