27.2.14

ကချင်ပြည်နယ်အတွင်း သစ်၊ သတ္တုများ ခိုးထုတ်နေမှု တရုတ်ကို ကန့်ကွက်

ဖေဖေါ်ဝါရီ ၂၇ ရက် ၂၀၁၄ ခုနှစ်

မြန်မာ၊ တရုတ်နယ်စပ်ရှိ ကချင်ပြည်နယ်အတွင်း မြို့နယ်များနှင့် ကြိုးဝိုင်း၊ ကြိုးပြင်တောများမှ သစ်များ နှင့် သတ္တုများကို တရုတ်နိုင်ငံသို့ တရား မ၀င်လမ်းကြောင်းမှ ထုတ်ယူနေခြင်းကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းခြင်း၊ ကန့်ကွက်ခြင်းများ ပြုလုပ်နေသည်ဟု သမ္မတရုံးဝန်ကြီးဌာန(၂) ၀န်ကြီးဦးစိုးမောင်က ပြော သည်။


“ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းဝင် ပုဂ်္ဂိုလ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ရရှိသော အချက်အလက်များအရ ချီဖွေမြို့နယ်နှင့် ဆော့လော်တွင် တရုတ်နိုင်ငံဘက်မှ တရုတ်လူမျိုးများ တရားမ၀င် ၀င်ရောက်လုပ်ကိုင်မှုများနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေ ဖြင့် ရရှိထားသည့် ဓာတ်ပုံ၊ မြေပုံ၊ စာရွက်စာတမ်းများနှင့်တကွ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သံတ မန်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ပါတယ်”ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒိုက်ဦးမြို့နယ်မှ လွှတ် တော်ကိုယ်စားလှယ် ဦးမင်းဆွေ၏ မေးမြန်းမှုကို ဦးစိုးမောင်က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးမင်းဆွေက “မြန်မာနိုင်ငံမှ သယံဇာတများကို တစ်ဖက်နိုင်ငံသို့ တရားမ၀င် ထုတ်ယူနေမှုများအပေါ် တာဝန်မဲ့ဆောင်ရွက်နေသည့် ၀န်ထမ်းများအား မည်ကဲ့သို့အရေးယူမည်နှင့် ဆုံးရှုံးခဲ့သည့် နိုင်ငံပိုင်သယံ ဇာတများနှင့်ပတ်သက်၍ တရားမ၀င်ခိုးထုတ်သွားသည့် ကုမ္ပဏီများထံမှ ပြန်လည်ရရှိရေး ဆောင်ရွက် ရန် အစီအစဉ်ရှိ၊ မရှိ”ကို မေးမြန်းခဲ့သည်။

ဦးမင်းဆွေ၏မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ရန်ကုန်မြို့ရှိ တရုတ်သံရုံး၊ ယာယီတာဝန်ခံ မစ္စတာချန်ချန်အား ဆင့်ခေါ်၍ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က တွေ့ဆုံခဲ့ပြီး တရားဝင် အသိပေး အကြောင်းကြား ကန့်ကွက်ခဲ့ပါကြောင်း၊ ပေကျင်းမြို့၊ မြန်မာ သံရုံးမှသံမှူးကြီးဦးစိုးဟန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် မစ္စတာပိုင်ထျန်အား ပေကျင်းမြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံ၍ ကန့်ကွက်ပြောကြားခဲ့သည်ဟု ဦးစိုးမောင်က ပြောသည်။

တရုတ်နိုင်ငံဘက်မှလည်း နှစ်နိုင်ငံဆက်ဆံရေးအတွက် အစဉ်ရှေးရှု ပါကြောင်း၊ သက်ဆိုင်ရာသို့ ဆက် လက်အကြောင်းကြားမည်ဖြစ်ကြောင်းနှင့် အခြားသိရှိရသည့် အချက်အလက်များရှိပါက ထပ်မံဆက် သွယ် ပြောကြား စေလိုကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ၂၀၀၄-၀၅ ဘဏ္ဍာနှစ်မှ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်၊ စက်တင်ဘာလအထိ နယ်စပ်ဒေသတွင် သယံဇာတများကို တရားမ၀င်ထုတ်ယူသူ တရားခံ နိုင်ငံသား ၁,၁၉၈ ဦး၊ နိုင်ငံခြားသား ၄၁၄ ဦး စုစုပေါင်း ၁,၆၁၂ ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်၊ မတ်လမှ ဧပြီလအတွင်း နယ်စပ်ဒေသတွင် တရားမ၀င်ရွှေတူးဖော်ခြင်း၊ သစ်မှောင်ခိုနှင့် မြန်မာ့ရေပြင်ပိုင်နက်တွင် ငါးခိုးဖမ်းမှုလုပ်ကိုင်နေသူ နိုင်ငံခြားသား ၃၃ ဦးအား ဖမ်းဆီး အရေးယူနိုင်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီလမှစက်တင်ဘာလထိ ကျောက်မှောင်ခိုတရားခံ နိုင်ငံ သား ၂၃ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ကျောက်စိမ်း(အရိုင်း)၊ ဆာပင်တင်း(အရိုင်း)၊ မီးသင့်ကျောက်ရိုင်း နှင့် အသွင်ပြောင်းကျောက်ရိုင်း စုစုပေါင်း ၂၂,၇၅၇ ဒသမ ၅၆ ကီလို တန်ဖိုး ကျပ်သိန်း ၁၀၅ ဒသမ ၅၆၂ ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

Credit to:Mizzima - News in Burmese

0 comments:

Post a Comment