27.2.14

ပလောင်ဒေသ လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရေး သမ္မတထံ တောင်းဆိုမည်



၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့

တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့များအကြား ထိုးစစ်ဆင် တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့သော ပလောင် ဒေသခံများအတွက် လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရန် တောင်းဆိုချက် ခြောက်ချက်ကို နိုင်ငံတော်သမ္မတထံ ယခုရက်ပိုင်းအတွင်း တောင်းဆိုသွားမည် ဖြစ်ကြောင်း တအာင်း အမျိုးသမီး အဖွဲ့အစည်း၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်လိုည်းပိုငယ် က ပြောကြားသည်။

တောင်းဆိုချက်များတွင် အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝန်း နှစ်မျိုး ပိုင်းခြားထားပြီး အစိုးရ တာဝန်ရှိသူများထံ တောင်းဆိုချက်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှု ရပ်ဆိုင်းရေး၊ စေ့စပ်ညှိနှိုင်းမှုများ စတင်ရေး၊ ဒေသခံများ၏ ဆန္ဒမပါဘဲ လုံခြုံစိတ်ချမှု မရှိသော နေရပ်သို့ ပြန်ခိုင်းခြင်း မပြုရေးနှင့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှုများ ကူညီပေးရေးတို့ ထည့်သွင်းထားကြောင်း အဆိုပါ အဖွဲ့အစည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလားတူ နိုင်ငံတကာ အဖွဲ့အစည်းများအတွက် တောင်းဆိုချက်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ဆိုင်းရေး မြန်မာအစိုးရကို အသိပေးရန်နှင့် ဒုက္ခသည်များကို အကူအညီပေးရန် ကိစ္စများ ပါဝင်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင် ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသောကြောင့် ဒေသခံ လေးထောင်ကျော်နီးပါး နမ္မတူ၊ ကွတ်ခိုင်နှင့် တန့်ယန်းမြို့ရှိ ဒုက္ခသည်စခန်းလေးခုသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ယင်းကြောင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပပျောက်ရေးအတွက် ဝိုင်းဝန်း တောင်းဆို ကြခြင်း ဖြစ်ကြောင်း ဒေါ်လိုည်းပိုငယ်က ပြောကြားသည်။
“ထိုးစစ်မရပ်လို့ ဒုက္ခသည်တွေ များတဲ့အပြင် ကလေးတွေ ပညာရေး ထိခိုက်လာတယ်။ စားစရာတွေလည်း ရှားတယ်” ဟု တအာင်း အမျိုးသမီး အဖွဲ့အစည်း၏ အလုပ်အမှုဆောင် ဒေါ် ဒီဒီမိုးခမ်းက ပြောဆိုသည်။

တအာင်း အမျိုးသမီး အဖွဲ့အစည်းသည် ပလောင်ဒေသတွင်း လက်နက်ကိုင် တိုက်ပွဲများကြောင့် ဒုက္ခသည်များ တိုးပွားလာပြီး နေထိုင်စားသောက်ရေး ခက်ခဲသည့် အကြောင်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်း စစ်တမ်းတစ်စောင် ရေးသားခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများထံ ပေးပို့သွားရန် စီစဉ်နေကြောင်း အဆိုပါ အဖွဲ့အစည်းထံမှ သိရသည်။

The Voice

0 comments:

Post a Comment