24.2.14

ဘန်ကောက်အခြေအနေများကြောင့် ဝန်ကြီးချုပ်ယင်လက်ခ် မြို့တော်မှ ယာယီရှောင်တိမ်း



၂၄.၂.၂၀၁၄၊ တနင်္လာနေ့

ဘန်ကောက်တွင် ဗုံးပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည့်နောက် ဝန်ကြီးချုပ် ယင်လက်ခ် ရှီနာဝါထရာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။


ထိုင်းအတိုက်အခံ ဆန္ဒပြသူများသည် အဓိကရုဏ်း အခြေအနေများကို ဖန်တီးလာသလို ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ပဋိပက္ခသည်လည်း ပိုမိုဆိုးရွား ပြင်းထန်လာသည်။ အတိုက်အခံများက ယင်လက်ခ်ကို အဓိက ပစ်မှတ်ထား ရန်မူရန် ဆန္ဒရှိနေပြီး ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဗုံးပေါက်ကွဲမှုများပါ ဖြစ်ပေါ်လာရာ လူ(၃)ဦး သေဆုံးခဲ့သည်။

အဆိုပါ အခြေအနေများကြောင့် ဝန်ကြီးချုပ်ကို ဘန်ကောက်မှ ဖယ်ခွာစေကာ မြို့တော်မှ ကီလိုမီတာ (၁၅၀)မျှ အကွာတွင် ယာယီရုံးစိုက်စေခဲ့ကြောင်း လုံခြုံရေး တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

ဝန်ကြီးချုပ်၏ လုံခြုံရေးအတွက် နေရာအတိအကျကိုမူ ပြောဆိုခြင်း မရှိခဲ့ချေ။
ဆန္ဒပြမှုများသည် အခြေအနေ တစ်စထက်တစ်စ ဆိုးရွားလာပြီး ပစ်ခတ်မှုများ၊ ပေါက်ကွဲမှုများပါ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်လက်ခ်၏ ရုံးအဖွဲ့ တာဝန်ခံ တစ်ဦးက ယင်လက်ခ်သည် ဘန်ကောက်မြို့တော်တွင် ရှိမနေသော်လည်း ဝန်ကြီးချုပ် တာဝန်များကို မပျက်မကွက် ထမ်းဆောင်နေဆဲဟု ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဆူရာပွန် တိုဗစ်ချာချီကူလ်က ယင်လက်ခ်သည် အင်္ဂါနေ့တွင် အစိုးရအဖွဲ့ အစည်းအဝေးတစ်ရပ် ကျင်းပရန် စီစဉ်ထားကြောင်းလည်း အတည်ပြုခဲ့သည်။ ဘန်ကောက်တွင် တောင်ပိုင်းမှ လူလတ်တန်းစား အများစု ပါဝင်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့မှ ယင်လက်ခ်ကို ထောက်ခံသူများ ပါဝင်သော ဆန္ဒပြသူများကြား အားပြိုင်မှုသည် ပြီးမြောက်အေးချမ်းမည့် အလားအလာ မရှိသေးဟုလည်း သတင်းများက ဖော်ပြခဲ့သည်။

Planet Myanmar Network

0 comments:

Post a Comment