24.2.14

တောင်ကိုရီးယား-အမေရိကန် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု စတင်



၂၄.၂.၂၀၁၄၊ တနင်္လာနေ့

တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးပေါင်းပြီး နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို အစပြုနေပြီဟု သိရှိရသည်။ နှစ်စဉ် မဟာမိတ်နှစ်နိုင်ငံ ပူးပေါင်းပြုလုပ်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှု အခမ်းအနားသည် ဧပြီလ (၂၄)ရက်နေ့ထိ ကြာမြင့်မည် ဖြစ်သည်။ တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ၏ စစ်အတွင်း ကွဲကွာသွားသော ဆွေမျိုးသားချင်းများ အတူတကွ ပြန်လည်တွေ့ဆုံခွင့် အစီအစဉ်ကို အကောင်အထည် ဖော်နေစဉ် အတောအတွင်းမှာပါ နှစ်နိုင်ငံ စစ်တပ်များက မူလကြိုတင် သတ်မှတ်ထားသည့်အတိုင်း လေ့ကျင့်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။


စစ်ရေးလေ့ကျင့်မှုတွင် Key Rosolveခေါ် ကွန်ပျူတာ အခြေခံသည့် ပုံစံတူ အခြေအနေများ ဖန်တီးလေ့ကျင့်ခြင်းနှင့် Foal Eagleခေါ် လေတပ်၊ ရေတပ်နှင့် ကြည်းတပ်တို့ ပူးပေါင်းလေ့ကျင့်ခြင်းများ ပါဝင်သည်။ မြောက်ကိုရီးယား အစိုးရသည် အဆိုပါ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို အစဉ်တစိုက် ကန့်ကွက်နေခဲ့ပြီး ယခင်က ယင်းအစီအစဉ်ကို မဖျက်သိမ်းလျှင် နှစ်ဖက်မိသားစုများ တွေ့ဆုံခွင့်ကို ရုပ်သိမ်းမည်ဟုပင် ခြိမ်းခြောက်ခဲ့သေးသည်။ ယခုစစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် အမေရိကန်စစ်သည် (၁၂၅၀၀)မျှ ပါဝင်မည်ဟုလည်း သိရသည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့က တစ်နှစ်တစ်ကြိမ် ပြုလုပ်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို သမားရိုးကျ လုပ်ဆောင်မှုဟုသာ ကြေညာခဲ့သော်လည်း မြောက်ကိုရီးယားက ယင်းသည် ရန်စမှုတစ်ခု၊ စစ်ပွဲအတွက် လေ့ကျင့်မှုဟု စွပ်စွဲထားသည်။ ပြီးခဲ့သည့်နှစ်က မြောက်ကိုရီးယားဘက်မှ အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် မိမိတို့ကို ရန်လိုနေသည့်အတွက် နျူကလီးယား စစ်လက်နက်ဖြင့် တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို သတ်မှတ်ချိန်ထက် ပိုမိုရှည်ကြာအောင် မြှင့်တင်ခဲ့ဖူးကြောင်း သိရှိရသည်။

Planet Myanmar Network.

0 comments:

Post a Comment