24.2.14

မော်ဒယ်လ်ကောင်းမြတ်ဟိန်းသေဆုံးမှုအား အင်းစိန်မြို့နယ်တရားရုံးက မတ်လ ၄ရက်တွင် ရုံးချိန်းသတ်မှတ်

Mister University ပြိုင်ပွဲဝင် မော်ဒယ်လ် သရုပ်ဆောင်ကောင်းမြတ်ဟိန်း သေဆုံးမှုနှင့် ပတ်သက်၍ အင်းစိန်မြိ့နယ် တရားရုံးမှ မတ်လ ၄ရက်တွင် ရုံးချိန်းသတ်မှတ်ခဲ့ပြီး ၎င်းအမှုအား အမှုမှန် ပေါ်ပေါက်ရေးအနေနဲ့လည်း ယခုအခါ စီအိုင်ဒီအဖွဲ့ကသာ တာဝန်ယူဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဇန်န၀ါရီ ၂၁ ရက်က မြို့တော်ဂေါက်ကွင်းဟိုတယ် အတွင်းရှိ ရေကူးကန်ထဲတွင် Mister University ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မော်ဒယ်ကောင်းမြတ်ဟိန်း သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ အမှုမှန်ပေါ်ရန်အတွက် စီအိုင်ဒီအဖွဲ့သည် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုအား ရပ်တန့်ခဲ့ပြီး ၎င်းတို့အဖွဲ့ကပဲ စုံစမ်းစစ်ဆေးသွားမည့် ဖြစ်ကြောင်း စီအိုင်ဒီ (စုံစမ်းစစ်ဆေးရေး)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။



“အင်းစိန်မြို့နယ် တရားရုံးကို ဒီအမှုနဲ့ပတ်သက်ပြီး တရားဝင်တင်ထားတယ် မှုခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်ကလည်း ထွက်လာပြီ။ လာမယ့် မတ်လ ၄ ရက်နေ့မှာ ရုံးချိန်းရှိပါတယ်။ အဲ့ဒီနေ့ကို ရောက်တဲ့အခါ ကျမှပဲ အကုန်လုံးပြောပါမယ်” ဟု စီအိုင်ဒီ (စုံစမ်းစစ်ဆေးရေး)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းကိစ္စနဲ့ပတ်သက်၍ မော်ဒယ်လ် ကောင်းမြတ်ဟိန်း၏အစ်ကို ကိုအောင်ကိုကိုက “စီအိုင်ဒီက ဒီမှုကို သူတို့အဖွဲ့ကပဲ တာဝန်ယူ စစ်ဆေးသွားတော့မယ် ဆိုပြီးတော့ ကျွန်တော်တို့ကို အကြောင်းကြားလာသလို မတ်လ ၄ ရက်နေ့မှာလည်း ရုံးချိန်းရှိတယ်လို့ ပြောတယ်။ ဆရာဝန်ဆေးစစ်ချက်နဲ့ ပတ်သက်ပြီးတော့လည်း အနည်းအငယ်တော့ သိရတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ရုံးချိန်းကိုသွားရောက်ရမယ် နေ့ကျရင်တော့ အားလုံး သိရမယ်ထင်တယ် ” ဟု ပြောပြသည်။

မော်ဒယ်လ် ကောင်းမြတ်ဟိန်းသည် Mister University ပြိုင်ပွဲဝင်ရန်အတွက် August Myanmar ကုမ္ပဏီမှ တာဝန်ယူ၍ စခန်းသွင်း လေ့ကျင့်နေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ ယင်းအမှုကို စီအိုင်ဒီမှလွှဲပြောင်း ရယူလိုက်ကြောင်းကို

August Myanmar ကုမ္ပဏီမှ မသိရှိသလို၊ ရုံးချိန်းရက်ကိုလည်း မသိရှိကြောင်း၊ August Myanmar ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

Mister University ပြိုင်ပွဲဝင်ရန် ယောက်ျားလေး ၁၈ ဦးနှင့် မိန်းကလေး ၁၈ ဦးတို့အား August Myanmar ကုမ္မဏီက ရွေးချယ်ထားခြင်းဖြစ်သည်။ ၎င်းအရွှေးချယ်ခံရသော မော်ဒယ်လ်များကို မြို့တော် ဂေါက်ကွင်း ဟိုတယ်၌ August Myanmar ကုမ္ပဏီမှ တာဝန်ယူ၍ စခန်းသွင်းလေ့ကျင့်ပေးနေရာ ဇန်န၀ါရီ ၂၁ ရက် ညနေ ၅ နာရီ ခန့်တွင် ပြိုင်ပွဲဝင်များနှင့်အတူ ရေဆင်းကူးခဲ့ရာ ၅ နာရီခွဲအချိန်တွင် ရေကူးနေသူအားလုံး ရေကူးကန်ထဲမှ တက်သွားကြပြီး နေ့စဉ်ပြုလုပ်သည့် ညနေ ၆ နာရီအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ထွက်ခွာသွားကျရာ မော်ဒယ်လ်ကောင်းမြတ်ဟိန်းမှာ ၎င်းအစည်းအဝေးအား တက်ရောက်လာခြင်း မရှိဘဲ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

သို့သော်ည၁၂ နာရီ ခန့်တွင် ဟိုတယ် လုံခြုံရေးဝန်ထမ်းတစ်ဦးက ၎င်း၏ အလောင်းအား ရေကူးကန်အတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချစ်မင်းထွန်း

မြန်မာ့ခေတ်

0 comments:

Post a Comment