24.2.14

ယူကရိန်းပြည်တွင်းရေးကို ရုရှားဝင်မစွက်ရန် အမေရိကန်သတိပေး



၂၄.၂.၂၀၁၄၊ တနင်္လာနေ့

ရုရှားအနေဖြင့် ယူကရိန်း၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးစားပါက အမှားကြီး မှားသွားနိုင်ကြောင်း အမေရိကန် ပြည်ထောင်စုက သတိပေး ပြောကြားလိုက်သည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ လုံခြုံရေး အကြံပေးအဖြစ် တာဝန်ယူထားသူ ဆူဆန်ရိုက်စ်က ယူကရိန်းတွင် သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျ ပြုတ်ကျသွားသည့်တိုင် နိုင်ငံပြိုကွဲသွားမည့် အန္တရာယ် မရှိဟု ဆိုသည်။ ရုရှားက ယူကရိန်း၏ ပြိုကွဲနိုင်ခြေကို ထိန်းသိမ်းရန်အတွက် စစ်တပ်များ စေလွှတ်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေရာ ယင်းအခြေအနေသည် လုံးဝဥဿုံ အမှားအယွင်း ဖြစ်သွားနိုင်ကြောင်း ရိုက်စ်က မှတ်ချက်ပြုခဲ့သည်။



"ယူကရိန်းမှာ နိုင်ငံပြိုကွဲသွားစေဖို့ ဘယ်သူကမှ ရည်ရွယ်ချက် မရှိဘူး။ အဓိကရုဏ်းတွေ ဖြစ်ပေးခဲ့ပေမယ့် ခုချိန်မှာတော့ အခြေအနေ ငြိမ်သက်အေးချမ်းမှုက မြန်မြန်ဆန်ဆန် ဖြစ်တည်လာနေပါပြီ"ဟု ရိုက်စ်က ဆိုသည်။ ယူကရိန်းတွင် သမ္မတ ယာနူကိုဗစ်ခ်ျ မြို့တော်ကိယက်ဗ်မှ ထွက်ပြေးသွားသည့်နောက် လွှတ်တော်အမတ်များက အိုလက်ဆန်ဒါ တာချီနော့ဗ်ကို ယာယီသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ ထို့အပြင် ရွေးကောက်ပွဲများ လျင်မြန်စွာ ကျင်းပနိုင်ရေးကိုလည်း ကြားဖြတ်အစိုးရက တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ ရိုက်စ်က "ငြိမ်ဝပ်ပိပြားရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ရုရှားက စစ်တပ်တွေ ရုရှားကို ပို့လိုက်မယ်ဆိုရင် အင်မတန် မှားယွင်းတဲ့ ချဉ်းကပ်မှု ဖြစ်သွားလိမ့်မယ်။ ခုကိစ္စမှာ ယူကရိန်း နိုင်ငံသားတွေရော၊ ရုရှား၊ အမေရိကန်နဲ့ ဥရောပ ယူနီယံတို့ကပါ ယူကရိန်းနိုင်ငံ ပြိုကွဲသွားမှာကို မလိုလားကြတာ အမှန်ပါပဲ"ဟုလည်း ဆိုသည်။

ယာယီသမ္မတ တာချီနော့ဗ်က ရုရှားကို ယူကရိန်းက အလေးထား ဆက်ဆံနေမည်သာ ဖြစ်သော်လည်း ပြည်သူလူထု အလိုဆန္ဒအတိုင်း အစိုးရအနေဖြင့် ဥရောပယူနီယံ ဝင်ရောက်ခွင့်ကို ရှေ့ဆက်လုပ်ဆောင်သွားမည်ဟု တနင်္ဂနွေနေ့က ကြေညာခဲ့သည်။ ရုရှားတွင် ဆိုချီဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲများ ပြီးဆုံးသွားပြီးနောက် သမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ယူကရိန်း အရေးကို ပိုမိုအာရုံစိုက်လာဖွယ် ရှိနေကြောင်းလည်း သတင်းများက သုံးသပ်ရေးသားလျှက် ရှိကြသည်။

Planet Myanmar Network

0 comments:

Post a Comment