24.2.14

ဆိုင်ကယ် ကယ်ရီမောင်းသူထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ




၂၄.၂.၂၀၁၄၊ တနင်္လာနေ့

အင်းစိန်မြို့နယ်တွင် ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ တစ်ဦးထံမှ စိတ်ကြွမူးယစ်ဆေးပြားများကို ဖေဖော်ဝါရီ ၂၂ ရက်က ဖမ်းဆီးရမိလိုက်သည်။

ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်၊ ဆေးဝါးစက်ရုံလမ်း၊ ဆေးဝါး စက်ရုံ သက်သာဆိုင်ရှေ့တွင် စောင့်ဆိုင်းခဲ့ကြသည်။


ထိုအချိန်တွင် ကြိုတင်သတင်းရရှိထားသည့် လှိုင်သာယာ၊ (၇)ရပ်ကွက်၊ မင်္ဂလာသိဒိ္ဓလမ်းနေ ခင်စိုး(ခ) အငယ်လေး (၃၃)နှစ် (ဆိုင်ကယ်ကယ်ရီမောင်း) မှာ ဆိုင်ကယ်စီး၍ ရောက်ရှိလာသဖြင့် ရပ်တန့်ရှာဖွေခဲ့ သည်။

ထို့ကြောင့် ၎င်းထံမှ တန်ဖိုးငွေကျပ် ၂၇၀,၀၀၀ ခန့်ရှိ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၅၄ ပြားပါ ပလတ်စတစ်အိတ်ထုပ်ကို ၎င်း၏ ယာဘက်လက်အတွင်းမှ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ၎င်းထံမှ ဟွားဝေလက်ကိုင်ဖုန်း တစ်လုံးကိုပါ သိမ်းဆည်းလိုက်ပြီးနောက် ဥပဒေဖြင့် အရေးယူပေး ရန် ရဲအုပ်ဝင်းလှိုင်က တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။

ယင်းတိုင်တန်းမှုကို အင်းစိန်ရဲစခန်းက မူးယစ်(ပ)၃/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)ဖြင့် အရေးယူရန် ဒု-ရဲအုပ် ရဲမြင့်က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

Mizzima

0 comments:

Post a Comment