3.3.14

မုံရွာဒေသရှိ ကျောက္ကာ ယွန်းပန်းချီ နိုင်ငံခြားသား ဧည့်ခရီးသွားများက အထူးစိတ်ဝင်စား၍ လာရောက် ကြည့်ရှု



မြန်မာ့ရိုးရာ လက်မှုပညာ ပန်းဆယ်မျိုး ရှိသည့်အနက် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် ကျောက္ကာကျေးရွာရှိ
ယွန်းပန်းချီ လက်မှုပညာရပ် များကို နိုင်ငံခြားသား ဧည့်ခရီးသွားများက အထူးစိတ်ဝင်စား၍ နေ့စဉ်လာရောက် ကြည့်ရှုသူ အရေအတွက် တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာလျက်ရှိကြောင်း ငွေကြယ်စင် ယွန်းထည်ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။
ပန်းချီဆရာက သူ၏ စိတ်ကူးလက်ရာများကို ပုံဖော် ရေးဆွဲသည့်အခါ ယွန်းထည်များပေါ်တွင် လက်တန်း ရေးဆွဲရခြင်း ဖြစ်သည့် အတွက် နိုင်ငံခြား သား ဧည့်ခရီးသွားများက ပိုမို စိတ်ဝင်စားခြင်း ဖြစ်နိုင်ကြောင်း၊ ကျောက္ကာယွန်းထည် ပစ္စည်းများသည် အခြေခံကုန်ကြမ်း ဖြစ်သော မဲဒင်္ဂါးဝါးများ ကို နှီးချောသပ်၍ လိုအပ်သည့် ယွန်းပုံဖော် ရက်လုပ်ကြရသည်။ ထို့နောက် သဘာဝ သစ်စေးများကို အင်ကြင်းကျောက်မှုန့်၊ ကျွန်းမီးသွေးမှုန့် များဖြင့် ရောစပ်၍ လိုအပ်သော အရောင်အသွေးများကို ဖော်စပ်ကာ သရိုးကိုင် အချောသပ် လုပ်ကိုင်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် ယွန်းထည်ပစ္စည်းများ အရောင်အသွေး ကောင်းမွန်စေရေးနှင့် ရေရှည်ကြံ့ခိုင်မှု ရှိစေရန် အချောကိုင်ပြီး ယွန်းပစ္စည်းများကို လပေါင်းများစွာ မြေတိုက်ခန်း အတွင်းသို့ သွင်း၍ အချိန် စောင့်ဆိုင်းရသည်။

ထို့ကြောင့်ယွန်းထည်ပစ္စည်း တစ်ခု ထုတ်လုပ် ရရှိနိုင်ရန် လပေါင်းများစွာ အချိန်ယူ၍ ပြုလုပ်ရသည့် အတွက် ယနေ့ခေတ်တွင် ယွန်းထည် ပြုလုပ်သူ အလွန်နည်းပါး လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြေတိုက်ခန်းအတွင်း တစ်လခွဲမှ သုံးလအထိ ထားရှိပြီး ယွန်းထည်များကို ဈေးကွက်တင် ရောင်းချနိုင်ရန် ယွန်းပန်းချီများ ရေးဆွဲကြရသည်။ ထိုသို့ရေးဆွဲရာတွင် သံကညှစ် တစ်ချောင်းဖြင့် အနုစိတ် ပုံဖော် ရေးဆွဲကြရခြင်းဖြစ်သည်။ ကျောက္ကာဒေသတွင် ယွန်းပန်းချီ တတ်မြောက် ကျွမ်းကျင် သူ လေး၊ ငါးဦးခန့်သာ ကျန်ရှိတော့ကြောင်း၊ ယွန်းကုန်ထုတ်မှု သမအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်းထွန်းက ပြောကြားခဲ့သည်။ ကျောက္ကာယွန်း ပန်းချီများသည် ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် တရုတ် စသည့်နိုင်ငံများကဲ့သို့ ပုံစံကွက်ချ၍ ရေးဆွဲခြင်းမျိုး မဟုတ်ဘဲမြန်မာတို့၏ ဗုဒ္ဓဝင် ဇာတ်ကြီး ဆယ်ဘွဲ့တော်ပုံများကို သရုပ်ပါပါ သေသပ် ကျနစွာ လက်တန်းရေးဆွဲကြခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment