3.3.14

အိန္ဒိယတွင် တရားမဝင်ငွေချေးစာချုပ်ရောင်း၍ ငွေရှာခဲ့သော သူဌေးကြီးအားဖမ်းဆီးပြီ



အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးလုပ်ငန်းရှင်သူဌေးကြီးများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဆူဘရာရွိုင်းသည် လိမ်လည်မှုအတွက် ၎င်းကိုယ်တိုင် အဖမ်းခံခဲ့ရာ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း ဘီဘီစီသတင်းတွင် မကြာသေးမီက ဖော်ပြခဲ့သည်။


ဖေဖော်ဝါရီ ၂၆ ရက်၌ တရားသူကြီးများရှေ့မှောက်တွင် လာရောက် အစစ်ဆေးခံရန် ပျက်ကွက်သဖြင့် ဆာဟာရအုပ်စု၏ အကြီးအကဲဖြစ်သည့် ရွိုင်းကို ဖမ်းဆီးရန် တရားရုံးချုပ်က အမိန့်ထုတ်ခဲ့သည်။ တရားမဝင်ငွေချေးစာချုပ်များ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံနှင့်ညီမျှသော ရူပီးငွေ ဘီလီယံ ၂၄ဝ ရယူခဲ့သည်ဟု ဆာဟာရကုမ္ပဏီနှစ်ခုကို စွပ်စွဲထားသည်။

သန်းနှင့်ချီရှိသော ရင်းနှီးမြှုပ်နှံသူများကို ငွေချေးစာချုပ်များရောင်းချပြီး ရယူထားသည့် ငွေများ ပြန်အမ်းပေးရန် တရားရုံးကအမိန့်ထုတ်ပြန်ခဲ့သော်လည်း မစ္စတာရွိုင်းကပေးရန် ပျက်ကွက်လျက်ရှိသည်ဟု ဈေးကွက်ကြီးကြပ်သူများက ပြောသည်။

တရားရုံးချုပ်က ယင်းအမှုကြားနာလိမ့်မည်ဟု မျှော်လင့်ရသည့် မတ် ၄ ရက်အထိ ၎င်းကို ရဲတပ်ဖွဲ့က ချုပ်နှောင်ထားရှိမည် ဖြစ်သည်။ မစ္စတာရွိုင်းက ၎င်းကို နေအိမ်အကျယ်ချုပ်ဖြင့်သာ ထားရှိပါရန် မေတ္တာရပ်ခဲ့သည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြသည်။

လတ်နော်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၇ရက်တွင် ရွိုင်း၏နေအိမ်သို့ ဝင်ရောက်စီးနင်းခဲ့ရာ ၎င်းကိုမတွေ့ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သဖြင့် ဖေဖော်ဝါရီ၂၈ရက် စောစောပိုင်းတွင် ရွိုင်းက ၎င်းသည်အဖမ်းမခံရရန် ရှောင်တိမ်းနေခြင်းမဟုတ်ကြောင်း ကြေညာချက်ထုတ်၍ ငြင်းဆိုခဲ့သည်။

ရွိုင်း၏ရှေ့နေက ရွိုင်းသည် ၎င်း၏ မိခင် ကျန်းမာရေးမကောင်းသဖြင့် တရားခွင်သို့ လာရောက်နိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ရာ ဖေဖော်ဝါရီ ၂၆ ရက်တွင် ၎င်းကို ဖမ်းဆီးရန် တရားသူကြီးများက အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၂ ခုနှစ် သြဂုတ်၌ အသေးစားငွေရင်းနှီးမြှုပ်နှံသူ ၂၂ သန်းအား ၎င်းတို့၏ ငွေချေးစာချုပ်ဝယ်ယူငွေကို အတိုး ၁၅ ရာခိုင်နှုန်းပေါင်း၍ ရက်ပေါင်း ၉ဝ အတွင်း ပြန်ပေးရန် ဆာဟာရကုမ္ပဏီ နှစ်ခုကို တရားရုံးက အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ဘီဘီစီ။

0 comments:

Post a Comment