3.3.14

ယူကရိန်းကို စစ်ရေးဖြင့် ဝင်စွက်ရန် ရုရှားပါလီမန် သဘောတူ အမေရိကနှင့် အနောက်နိုင်ငံများ ပြင်းထန်စွာကန့်ကွက်



၃.၃.၂၀၁၄၊ တနင်္လာနေ့

နိုင်ငံရေး တင်းမာမှုများ ဖြစ်ပေါ်နေသည့် ယူကရိန်းနိုင်ငံ၏ ကရိုင်းမီးယားဒေသသို့ ကျူးကျော် ဝင်ရောက်မှု မပြုလုပ်ရန် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံ ခေါင်းဆောင်များက ရုရှားနိုင်ငံကို သတိပေး ပြောဆိုထားသော်လည်း ရုရှားပါလီမန် လွှတ်တော်က ယင်းဒေသသို့ တပ်ဖွဲ့များ စေလွှတ်ရန် သဘောတူညီ ပေးလိုက်ရာ ယူကရိန်း အစိုးရသစ်က ဖြစ်လာနိုင်ခြေရှိသော စစ်ပွဲအတွက် စစ်တပ်ကို ရာနှုန်းပြည့် အသင့်ဖြစ်ရန် တပ်လှန့်လိုက်ကြောင်း မီဒီယာများက ရေးသားဖော်ပြသည်။ 

ရုရှားလိုလားသူနှင့် ဆန့်ကျင်သူ အင်အားစု နှစ်ရပ်အကြား ပဋိပက္ခအရှိန် မြင့်တက်လျက်ရှိပြီး ရုရှားဘာသာစကား ပြောဆိုသူ အများစုနေထိုင်သော ယင်းကရိုင်းမီးယား ကျွန်းဆွယ်ဒေသသို့ စစ်ရေးအရ ကျူးကျော် ဝင်ရောက်ရန် သမ္မတပူတင်သာ အမှန်တကယ် ဆုံးဖြတ်မည်ဆိုပါက ယင်းဖြစ်ရပ်သည် စစ်အေးခေတ် နောက်ပိုင်း အနောက်နိုင်ငံများနှင့် ရုရှားအကြား အကြီးမားဆုံးသော ထိပ်တိုက် တွေ့မှုတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။

ပင်လယ်နက်အတွင်း သီးခြားကျွန်းဆွယ် တစ်ခုသဖွယ် တည်ရှိနေသည့် ကရိုင်းမီးယား ဒေသသည် ရုရှား၏ အကြီးဆုံးစစ် အခြေစိုက်စခန်း ဖွင့်လှစ်ထားရာ ဒေသတစ်ခု ဖြစ်ပြီး လတ်တလော အနေအထားတွင် အစိုးရရုံးများနှင့် အဆောက်အအုံများကို မည်သည့်နိုင်ငံ အမှတ်တံဆိပ်မျှ မတပ်ဆင်ထားသည့် စစ်ယူနီဖောင်း ဝတ်ဆင်ထားသူ ရုရှားလက်နက်ကိုင် တပ်ဖွဲ့များ တပ်ဖြန့်နေရာ ယူထားသည်ကို တွေ့ရကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

အဆိုပါ ဖြစ်ရပ်သည် ရုရှားအနေနှင့် ယူကရိန်း၏ အချုပ်အခြာအာဏာ ပိုင်နက်ကို ကျူးကျော် ဝင်ရောက်ခြင်း ဖြစ်ပြီး တပ်ဖွဲ့ဝင်များကို အမြန်ဆုံး ရုပ်သိမ်းပေးရန် အမေရိကန် ပြည်ထောင်စုက ရုရှားအစိုးရကို တိုက်တွန်း ပြောဆိုသည်။

ရုရှားလိုလားသူ သမ္မတ ယန်နူကိုဗစ်ခ်ျ ရာထူးမှ ဖယ်ရှားခံလိုက်ရပြီးနောက် ဖွဲ့စည်းလိုက်သည့် ယူကရိန်း ကြားဖြတ် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဖြစ်သူ အာဆန်နီယက် ဆန်နွတ်က ရုရှား၏ စစ်ရေးဆိုင်ရာပြုမူ လုပ်ဆောင်မှုများသည် စစ်ပွဲ၏အစ ဖြစ်သလို ယူကရိန်းနှင့် ရုရှားအကြား ဆက်ဆံမှုများ အားလုံး၏ နိဂုံးလည်း ဖြစ်ကြောင်း သတိပေး ပြောကြားသည်။

ကြားဖြတ်သမ္မတ အိုလက်ဆန်ဒါ တာချင်နော့ဗ်က ယူကရိန်းစစ်တပ်အား စစ်ပွဲအတွက် အသင့်ပြင်ထားရန် အရေးကြီး တပ်လှန့်လိုက်ပြီး နိုင်ငံခြားရေးဝန်ကြီး အန်ဒရီဒတ်ချန်ဆာရာက အမေရိက၊ အီးယူ အရာရှိကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယူကရိန်း၏ အချုပ်အခြာအာဏာ ပိုင်နက်ကို ကာကွယ်နိုင်ရေးအတွက် ဖြစ်နိုင်ခြေ အားလုံးကို လေ့လာဆန်းစစ်ပေးရန် နေတိုးအဖွဲ့သို့ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း Reuters သတင်းဌာန၏ ရေးသား ဖော်ပြချက်အရ သိရသည်။

အဆိုပါ အခြေအနေ များကြောင့် ရုရှားနိုင်ငံ၊ ဆိုချီမြို့တွင် ကျင်းပပြုလုပ်မည့် ဂျီ-၈ ထိပ်သီး ဆွေးနွေးပွဲအတွက် ကြိုတင် ပြင်ဆင်မည့် ဆွေးနွေးပွဲများတွင် ပါဝင် တက်ရောက်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း သမ္မတအိုဘားမားနှင့် သမ္မတပူတင်တို့ တယ်လီဖုန်းဖြင့် မိနစ် ၉၀ ကြာ စကားပြောဆို ဆွေးနွေးပြီးနောက် အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။

အကယ်၍ ယူကရိန်းရှိ ရုရှားလူမျိုးများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်သည် ဆိုပါက ၎င်းတို့၏ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်း ပေးသင့်သည်ဟု အိုဘားမားက ပူတင်ကို ပြောဆိုခဲ့ကြောင်း အိမ်ဖြူတော်က ဆိုသည်။

ကရင်မလင် (ရုရှားအစိုးရ) ၏ အွန်လိုင်း ကြေညာချက်တွင် “ယူကရိန်းပိုင်နက်တွင် နေထိုင်သော ရုရှားနိုင်ငံသားများနှင့် မျိုးချစ်များဘဝနှင့် ကျန်းမာရေးအပေါ် စစ်မှန်သည့် ခြိမ်ခြောက်မှုကြီးတစ်ခု ရှိနေသည်ဟု သမ္မတပူတင်က အမေရိကန်သမ္မတ အိုဘားမားနှင့် စကားပြောဆိုရာတွင် အလေးအနက်ထား ပြောဆိုခဲ့သည်” ဟု ဖော်ပြထားသည်။

အကယ်၍ ရုရှားနိုင်ငံကသာ ယူကရိန်းကို စစ်ရေးဖြင့် ဝင်ရောက် စွက်ဖက်မည် ဆိုပါက ဒေသတွင်း မတည်မငြိမ်မှုများနှင့် တင်းမာမှုများ ဖြစ်ပေါ်အောင် ဖန်တီးလိုက်ရာ ရောက်မည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီဆိုဂူးအား တယ်လီဖုန်းဖြင့် စကားပြောဆိုရာတွင် သတိပေးခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီး ဗစ်တာလီချာကင်ကမူ ယူကရိန်းနိုင်ငံ၌ လမ်းမပေါ် ဆန္ဒပြမှုများနှင့် သွေးထွက်သံယိုမှုများ ဖြစ်ပွားရခဲ့ခြင်းမှာ အီးယူနိုင်ငံ အချို့၏ ပယောဂကြောင့် ဖြစ်သည်ဟု စွပ်စွဲပြောဆိုပြီး စစ်ရေးဖြင့် ဝင်ရောက် စွက်ဖက်မှု မပြုလုပ်ရန် ယူကရိန်း ကြားဖြတ်အစိုးရ၏ တောင်းဆိုမှုကို ပယ်ချခဲ့သည်။

The Voice Weekly

0 comments:

Post a Comment