3.3.14

MPU က ပြည်တွင်းပြည်ပ သုံးနိုင်မည့် ငွေပေးချေ ကတ်များ ထုတ်လုပ်မည်



၃.၃.၂၀၁၄၊ တနင်္လာနေ့

ပြည်တွင်းဘဏ်များ ပူးပေါင်း ဖွဲ့စည်းထားသည့် MPU (Myanmar Payment Union) က ပြည်တွင်းပြည်ပ အသုံးပြုနိုင်မည့် International Co-Brand ကတ်များ ထုတ်လုပ်ရန် ဗဟိုဘဏ်ကို တင်ပြထားကြောင်း MPU အဖွဲ့၏ အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။
MPU သည် အဆိုပါကတ်များ ထုတ်လုပ်ရန် အာရှအခြေစိုက် ကတ်ငွေကြေး လုပ်ငန်းများ ဖြစ်သည့် JCB၊ CUP တို့နှင့် ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ပြီး ပြည်တွင်းတွင် မြန်မာကျပ်ငွေ ထည့်သွင်း၍ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် အသုံးပြု သွားနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပြည်တွင်းမှာ MPU အနေနဲ့ သုံးနိုင်မယ်။ နိုင်ငံတကာမှာတော့ MPU နဲ့  JCB ပေါင်းထုတ်တဲ့ ကတ်ဆိုရင် JCB နဲ့ ချိတ်ထားတဲ့ နိုင်ငံတွေမှာ သုံးနိုင်မယ်။ CUP နဲ့ ပေါင်းထုတ်တဲ့ ကတ်ဆိုရင်နဲ့ CUP ချိတ်ထားတဲ့ နိုင်ငံတွေမှာ သုံးနိုင်မယ်” ဟု ၎င်းကဆိုသည်။

မြန်မာကျပ်ငွေကို ကတ်တွင်း ထည့်သွင်းပြီး နိုင်ငံခြားတွင် အသုံးပြု၍ ရပါက အဆင်ပြေပြီး အသုံးပြုမည် ဖြစ်ကြောင်း မလေးရှား နိုင်ငံတွင် စားဖိုမှူးအဖြစ် လုပ်ကိုင်၍ မြန်မာနိုင်ငံသို့ မကြာခဏ ပြန်လေ့ရှိသူ ဦးစောရန်နောင်က ပြောကြားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အခြေစိုက် CUP (China Union Pay) ကတ်သည် နိုင်ငံပေါင်း ၁၄၀ ကျော်တွင် အသုံးပြုနိုင်ပြီး JCB (Japan Credit Bureau) ကတ်မှာ နိုင်ငံပေါင်း ၁၉၀ ကျော်တွင် အသုံးပြုနိုင်သည်။

မြန်မာနိုင်ငံတွင် MPU ကတ်များကို ၂၀၁၂ ခုနှစ် အောက်တိုဘာတွင် စတင် အကောင်အထည် ဖော်ခဲ့ပြီး ၂၀၁၃ ခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများ သွားရောက်ရာတွင် အသုံးပြုနိုင်မည့် Travel ကတ်များကို သမဝါယမဘဏ်က Master Card နှင့် VISA ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်ကာ မြန်မာ့ရှေ့ဆောင် ဘဏ်ကမူ VISA Card နှင့် ပူးပေါင်း လုပ်ဆောင်နေသည်။

The Voice Weekly

0 comments:

Post a Comment