8.3.14

မန်စီနှင့် မန်ကပ်သစ်တောကြိုးဝိုင်း အတွင်းရှိ အဖိုးတန်ရှားပါး တမလန်းသစ်များကို တရားမ၀င် ထုတ်ယူနေပြီး မှောင်ခိုလမ်းကြောင်းဖြစ်သည့် စစ်ကိုင်းတိုင်း အင်းတော်ဘက်မှ တရုတ်နိုင်ငံ ရွှေလီသို့ ခိုးထုတ်နေ



8-3-2014

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းရှိ မန်စီနှင့် မန်ကပ်သစ်တော ကြိုးဝိုင်းအတွင်းရှိ အဖိုးတန်ရှားပါးသော တမလန်း သစ်များကို နိုင်ငံတော်က တားမြစ်ပိတ်ပင် ထားသော်လည်း တရားမ၀င် ထုတ်ယူနေပြီး မှောင်ခိုလမ်းကြောင်းဖြစ်သည့် စစ်ကိုင်းတိုင်း အင်းတော်ဘက်မှ တရုတ်နိုင်ငံရွှေလီသို့ ခိုးထုတ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ခိုးထုတ်နေသော တမလန်းသားများမှာ အဓိကအားဖြင့် အအေးပိုင်းတွင်သာ ပေါက်ရောက်ပြီး ရှားပါးသော သစ်မာအမျိုးအစားဖြစ်ကာ လက်ရှိအချိန်တွင် ကျွန်းသစ်များထက်ပင် ပို၍ဈေးကောင်း ရနေကြောင်းလည်း သတင်းရရှိသည်။

"တမလန်းက အဓိက, ကတော့ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ ပေါက်တာပေါ့။ သူက အဖိုးတန်သစ်တစ်ခုထဲမှာ ပါတာပေါ့။ နထစသမ အတန်းဝင်သစ်လည်း ဖြစ်တယ်။ သူ့ကို ပါကေးနဲ့ ပရိဘောဂအတွက် သုံးတာများတယ်။ သူက တောထဲမှာတင် ပေါက်ဈေးက တစ်တန်ကို လေးသိန်းခွဲ၊ ငါးသိန်းလောက်ရှိတယ်။ ကျွန်းတောင် အဲဒီဈေးလောက်မရှိဘူး။ ကျွန်းတောင် တောထဲမှာ ပေါက်ဈေးက သုံးသိန်းလောက်ပဲရှိတယ်။ အခုက မန်စီတို့ မန်ကပ်သစ်တော ကြိုးဝိုင်းထဲက ထုတ်နေတာပါ" ဟု ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါသစ်ကားများ အနေဖြင့် သက်ဆိုင်ရာရဲဂိတ်များကို ဖြတ်သန်းပြီး သယ်ယူနေရသော်လည်း အကြောင်းကြောင်းကြောင့် လွတ်မြောက်နေကြကြောင်း သတင်းရရှိသည်။

"ကားတစ်စီးကို တန် ၂၀ လောက်ပါတယ်။ သူက တားမြစ်ထားတဲ့သစ်ပေါ့။ ဗန်းမောက်က ဖြတ်ရတယ်။ သူက အင်းတော်ဘက်ကနေ ရွှေလီဘက်ကို ပတ်ထုတ်တာပေါ့။ ဟိုဘက်ရောက်ရင်တော့ တမလန်းက အနည်းဆုံးသိန်း ၃၀ လောက် ပေါက်သွားတာပေါ့။ ဆိုတော့ နိုင်ငံတော်က တားမြစ်ထားပေမယ့် တော်တော်များများ ထုတ်နေကြတယ်။ ဖမ်းတော့လည်း ဖမ်းတယ်။ ထုတ်တော့လည်း ထုတ်နေတုန်းပဲ။ ပိုဆိုးတာက တမလန်းက လက်နက်ကိုင် ဘက်ကလည်း လုပ်တယ်။ ဖြစ်နေတာက သစ်က ဒီနေ့သစ်တော ဖမ်းလိုက်တယ်။ တံဆိပ်ရိုက်ပြီးတော့ နောက်နေ့သယ်မယ် လုပ်လိုက်ရင် မရှိတော့ဘူး။ ညဘက်ပြန်ပြီး ဆွဲထုတ်တယ်။ သစ်ကိုကရိန်းတွေနဲ့ ပြန်မ, သွားတယ်။ မ,တဲ့ဟာကို လိုက်ရင်လည်း လိုက်တဲ့သစ်တောက သေမှပဲ။ အဲဒီဘက်မှာက ဟိုဘက်ဒီဘက် အစပ်လိုဖြစ်နေတာ (buffer zone) ဆိုတော့၊ အခြေအနေကတော့ အဲလို ဖြစ်နေတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

"ဖြစ်နေတာ တမလန်းက ခိုးထုတ်တဲ့ အခါကျတော့ နိုင်ငံတော်လည်း ဘာမှမရဘူး။ ဒေသခံတွေလည်း ဘာမှမရဘူး။ သူက သစ်မာအမျိုးအစားပေါ့။ အဓိကအားဖြင့် တားမြစ်ကုန် ဖြစ်နေတဲ့အတွက် ကုမ္ပဏီကြီးတွေကတော့ မကိုင်ဘူး။ ဒါပေမဲ့ သူ့လက်ခွဲတွေတော့ ကိုင်ရင်လည်းကိုင်မှာပေါ့။ အဲဒါပြဿနာပဲ။ သူကမကိုင်ဘူးဆိုတာ နိုင်ငံတော်တားမြစ်ကုန် ဖြစ်နေတာကိုး၊ ပြီးတော့ နိုင်ငံခြားဈေးကွက်ဝင်လည်း ဖြစ်နေတယ်။ သူက အရောင်အသွေးကလည်း သိပ်တင်စရာကို မလိုတာ။ သစ်မာအမျိုးအစားဆိုတော့ လက်ခွဲပုံစံမျိုးလေးတွေနဲ့ လုပ်နေတာပေါ့။ အခုက ညဘက်မှာ ကားတွေတောက်လျှောက် ထွက်နေတာပေါ့" ဟု ဗန်းမောက်ဒေသခံ တစ်ဦးက ပြောပြသည်။

"တမလန်းကို အစိုးရက ပိတ်ထားတာ သုံလေးနှစ်လောက်တော့ ရှိပြီထင်တယ်။ သူက ကျွန်းနဲ့တန်းဝင် ဖြစ်နေတာကိုး။ နောက်ပြီးရှားပါးတယ်။ သူက တောတိုင်းလည်း မပေါက်ဘူး။ ပြီးတော့ အအေးပိုင်းမှာပဲ ပေါက်တယ်။ ဥပမာဆို ပဲခူးရိုးမမှာဆိုရင် တမလန်းမရှိဘူး။ ကျန်တဲ့ရိုးမတွေမှာလည်း မရှိဘူး။ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်အစပ်မှာပဲ အဲဒါတွေပေါက်တာ။ ရှမ်းပြည်မှာလည်း မဖြစ်ဘူး။ အခုက မန်စီသစ်တော ကြိုးဝိုင်းနဲ့ မန်ကပ်သစ်တော ကြိုးဝိုင်းကနေ ထုတ်နေတာပါ" ဟု စစ်ကိုင်းတိုင်း မန်စီသစ်တောကြိုးဝိုင်း အတွင်းသို့ ရောက်ရှိခဲ့သူ မျက်မြင်သက်သေ တစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် သစ်အလုံးလိုက် တင်ပို့မှုအား လာမည့်ဘဏ္ဍာနှစ်အတွင်း လုံးဝခွင့်ပြုတော့မည် မဟုတ်ကြောင်း သစ်တောရေးရာ ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော်လည်း မှောင်ခိုလမ်းကြောင်းများ ရှိနေသည့်အတွက် ယင်းကဲ့သို့ တင်ပို့မှုများ ဆက်ရှိနေဦးမည်သာ ဖြစ်ကြောင်းလည်း လေ့လာသူတချို့က သုံးသပ်ကြသည်။

(စစ်ကိုင်းတိုင်းဒေသကြီးရှိ ဗန်းမောက်သစ်တော ကြိုးဝိုင်းအား တွေ့ရစဉ်)

0 comments:

Post a Comment