8.3.14

လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျှော့ချရေး စီမံကိန်း ကန်ဒေါ်လာ ၂၁၄ သန်းကျော် ကုန်ကျမည်

8-3-2014

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီ (JICA) နှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်နေသည့် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျှော့ချရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၂၁၄ သန်းကျော် ကုန်ကျမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု ၂၀ ရာခိုင်နှုန်း ရှိပြီး ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု ၁၇ ရာခိုင်နှုန်းအထိ ရှိကာ အခြားမြို့များထက် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု အများဆုံး ဖြစ်သည့်အတွက် ယင်းသို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဘဏ္ဍာရေး အခြေအနေက အရမ်း အရေးကြီးပါတယ်။ ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုကို ၅ ရာခိုင်နှုန်း လျှော့ချနိုင်လိမ့်မယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ စီမံကိန်းအတွက် ရန်ကုန်မြို့တွင်း ၂၅ မြို့နယ်ကို ပထမအဆင့် အနေဖြင့် ဆောက်ရွက်မည် ဖြစ်ကြောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) နှင့် မြောက်ဥက္ကလာပ မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျှော့ချရေး လုပ်ငန်းအတွက် ထိုင်းနိုင်ငံနှင့် ထပ်မံ ဆွေးနွေးလျက် ရှိပြီး အဆိုပါ စီမံကိန်းသည် ထိုင်းငွေ ဘတ် သန်း ၃၀၀၀ ခန့် ကုန်ကျမည် ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု အချို့သည် ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု ပုံစံကြောင့် ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေနှင့် ဝန်ထမ်းများကို ထိန်းကျောင်းမှု အားနည်းပြီး ဝန်ထမ်းများကိုယ်တိုင် လျှပ်စစ်ဓာတ်အားခများ မှန်မှန်ရရေးနှင့် လျှပ်စစ်ဓာတ်အား မပျောက်ဆုံးရေး အတွက် စိတ်ပါဝင်စားစွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း အထက်တန်းရှေ့နေ ဦးသီဟစိုးက ပြောကြားသည်။

လျှပ်စစ် ဥပဒေကဲ့သို့သော ဥပဒေမျိုးတွင် လျှပ်စစ် ဝန်ကြီးဌာန၌ ဝန်ထမ်းများ ခန့်ထားရာတွင် လိုအပ်သည့် စည်းမျဉ်းများ ကိုလည်း ထည့်သွင်း ရေးဆွဲသင့်ကြောင်း ၎င်းက အကြံပြုသည်။

ရန်ကုန်မြို့ အခြေစိုက် GFTI အအေးခန်း စက်ရုံမှ လုပ်ငန်းရှင် ဦးမျိုးညွန့်ကမူ “အခုတော့ မီးက မှန်နေပါတယ်။ ဝန်ထမ်းတွေ (မီတာဖတ်စာ ရေးကဲ့သို့) ခြစားတာမျိုး ကတော့ ဝန်ကြီးဌာနတွေ အနေနဲ့ ကိုယ့်လူ ကိုယ်နိုင်အောင် ထိန်းဖို့လိုတယ်” ဟု မှတ်ချက်ပြုသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် စက်ရုံ၊ အလုပ်ရုံများတွင် မီတာသုံးစွဲမှုကို ဝင်ရောက် စစ်ဆေးသကဲ့သို့ ရန်ကုန်မြို့ပေါ်ရှိ ဝင်ငွေ မြင့်မားသော လူချမ်းသာများ၏ အိမ်များတွင်လည်း မီတာသုံးစွဲမှုကို လျှပ်တစ်ပြက် ဝင်ရောက် စစ်ဆေးသင့်သည်ဟု ဦးမျိုးညွန့်က ပြောကြားသည်။


The Voice Weekly

0 comments:

Post a Comment