8.3.14

ကူမင်း အကြမ်းဖက်မှုကြောင့် နယ်စပ်မှ ဆန်တင်ပို့ရန် ခက်ခဲ

8-3-2014

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များကြောင့် မြန်မာ-တရုတ် နယ်စပ် မူဆယ်မှ တစ်ဆင့် ဆန်တင်ပို့ရာတွင် အစစ်အဆေး များပြားနေပြီး တင်ပို့ရ ခက်ခဲနေကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားသည်။
မြန်မာ့ဆန်ကို တရုတ် ဝယ်ယူမှုမှာ တရုတ်နှစ်သစ် ကူးပြီးနောက် ပိုမို ကောင်းမွန်လာသော်လည်း နယ်စပ် စစ်ဆေးရေး များကြောင့် ဆန်သယ်ဆောင်ပေးသူ (ကယ်ရီသမား) အချို့မှာ မသယ်ဆောင်ရဲကြောင်း ၎င်းကဆိုသည်။
“ဖြုန်းအား (တရုတ်၏ ဝယ်ယူမှု) ကောင်းပေမယ့် သယ်တဲ့လူတွေက ဟိုဘက်ကို အရင်လို သိပ်မပို့ရဲကြဘူး” ဟု ၎င်းကဆိုသည်။

မတ်လ ပထမပတ် အတွင်း အောက်မြန်မာပြည်မှ မူဆယ် ဆန်ကုန်စည်ဒိုင်သို့ ဆန်အဝင်မှာ တစ်ရက်လျှင် အိတ်ရေ သုံးသောင်းမှ လေးသောင်းခန့်သာ ရှိပြီး တင်ပို့ရန် အခက်အခဲ ရှိသောကြောင့် ဆန်လက်ကျန် အနည်းငယ် ရှိကြောင်း မူဆယ် အခြေစိုက် ဆန်ကုန်သည် အချို့က ပြောဆိုသည်။

တရုတ်သို့ မြန်မာဘက်မှ ဆန်တရားဝင် တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်ကမူ မြန်မာ့ဆန်ကို တရားဝင် ဝယ်ယူခြင်း မဟုတ်သောကြောင့် ယခုကဲ့သို့ စစ်ဆေးမှု ပိုမို များပြားလာသော အခါ မြန်မာကုန်သည်များ အခက်တွေ့ရခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

မတ်လ ၁ ရက်နေ့က မူဆယ် နယ်စပ်နှင့် ထိစပ်လျက် ရှိသော ကူမင်း ဘူတာရုံ အနီးတွင် ဓားကိုင်ထားသည့် တူရကီနွယ်ဝင် အူဂါမွတ်ဆလင် ရှစ်ဦး၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ၂၉ ဦး သေဆုံးခဲ့ပြီး ၁၂၀ ဒဏ်ရာ ရရှိခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

မူဆယ် နယ်စပ်သည် မြန်မာ့ဆန်ကို တရုတ်သို့ တင်ပို့ရာ အဓိက လမ်းကြောင်း ဖြစ်ပြီး အဆိုပါ နယ်စပ်မှ တစ်ဆင့် ပြီးခဲ့သည့် နှစ်အတွင်း ဆန်တန်ချိန် ခုနစ်သိန်းခန့် တင်ပို့နိုင်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်ကမူ ယခု ဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထက် တန်ချိန် လေးသိန်းခန့် လျော့ကျခဲ့ကြောင်း မတ်လ ၅ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်း ညီလာခံတွင် ပြောကြားထားသည်။

The Voice Weekly

0 comments:

Post a Comment