8.3.14

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း (၁၄) ကြိမ်မြောက်အဖြစ် တိုက်ကြီးမြို့တွင် အင်အား ၅၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်


8-3-2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၄ ကြိမ်မြောက်အဖြစ် တိုက်ကြီးမြို့တွင် အင်အား ၅၀၀ ကျော်ဖြင့် မတ် ၇ ရက် နံနက် ၉ နာရီတွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို တိုက်ကြီးမြို့နယ်တွင် နေထိုင်သည့် ဒေသခံပြည်သူ ၅၀၀ ကျော်ဖြင့် တရားဝင်ခွင့်ပြုမိန့်ရယူကာ ပြုလုပ်ခြင်းဖြစ်ပြီး တိုက်ကြီးမြို့နယ် ဘောလုံးအားကစားကွင်းမှ စတင်၍ မြို့နယ်အတွင်းရှိ တောင်မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်း၊ ဘုရားလေးလမ်း၊ မြို့လယ်လမ်း၊ ပြည်လမ်းတို့တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်ကာ စုရပ်ဖြင့် မြို့နယ်ဘောလုံးကွင်းရှေ့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ကြွေးကြော်သံများ အနေဖြင့် "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး"၊ "ပုဒ်မ ၄၃၆ ပြင်ဆင်ရေး"၊ "ပုဒ်မ ၅၉ (ဃ)(စ) အလိုမရှိကြောင်း" စသည်ဖြင့် ကြွေးကြော်ပြီး "လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအား အမြန်ဆုံးဆောင်ရွက်ရန်" စသည့် ဗီနိုင်းဆိုင်းဘုတ်များကိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

"အခု ကျွန်တော်တို့ ဆန္ဒထုတ်ဖော်မှုမှာ ဘယ်အဖွဲ့အစည်းနဲ့မှ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ ပြည်သူတွေချည်းပဲ ဆန္ဒထုတ်ဖော်တာပါ၊ လွှတ်တော်ဆိုတာ ပြည်သူတွေရဲ့အသံပဲ။ ပြည်သူ့အသံဆိုတာ လွှတ်တော်အသံလို့ ပြောထားတဲ့အတွက် ပြည်သူတွေ လိုလားတောင့်တတဲ့ အသံတွေကို လွှတ်တော်ကိုယ်စားလှယ်၊ ဥက္ကဋ္ဌတွေ လေးစားလိုက်နာမယ်ထင်လို့ အခုလိုဆန္ဒ ထုတ်ဖော်တာပါ" ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် ဦးနန္ဒအောင်က ဆိုသည်။

ယင်းသို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို မြို့နယ်အသီးသီးတွင် ဆက်တိုက်ဆိုသလို ဆန္ဒထုတ်ဖော်နေပြီး တိုက်ကြီးမြို့နယ်၌ ဆန္ဒထုတ်ဖော်မှုမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၁၄ ကြိမ်မြောက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

(ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်နေ ပြည်သူများ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်နေမှုအား မတ် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်))

Eleven Media Group

0 comments:

Post a Comment