17.6.16

ခိုင်ဘာတောင်ကြားလမ်းဒေသတွင် ပါကစ္စတန်နှင့် အာဖဂန်တပ်ဖွဲ့များ အမြောက်ကြီးများဖြင့် ပစ်ခတ်




ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တပ်ဖွဲ့များသည် ဇွန် ၁၅ ရက်က ခိုင်ဘာတောင်ကြားလမ်းနယ်စပ်ဖြတ်ကျော်ရေး ဂိတ်အနီး အမြောက်လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ယခုရက်သတ္တပတ်အတွင်း နယ်စပ်ဒေသ၌ နှစ်ဖက် တပ်ဖွဲ့များ တိုက်ပွဲငယ်များဖြစ်ပွားခဲ့ရာ လေးဦးသေဆုံး ခဲ့ရပြီး အာဖဂန်နှင့် ပါကစ္စတန် နိုင်ငံနှစ်ဖက်စလုံး၌ ထောင်နှင့်ချီသောပြည်သူများ ပိတ်မိနေခဲ့ရသည်။
ထိုစဉ်အတွင်း တော်ခရန် နယ်စပ်ဒေသ၌ ဂိတ်ဝင်ပေါက် တည်ဆောက်ရေးကိစ္စနှင့်ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့သည်ဆိုသော သတင်းတစ်ရပ်ပေါ်ထွက်လာခြင်းကို အစ္စလာမ္မာဘတ်ရှိ အာဖဂန်သံအမတ်ကြီးက ငြင်းဆို ခဲ့သည်။ ပါကစ္စတန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သဘောတူညီမှုရရှိခဲ့ခြင်းမရှိကြောင်း ၄င်းကပြောကြားသည်။
တော်ခရန်းနယ်ခြားဒေသ ဖြတ်ကျော်ရေးစခန်း၌ တင်းမာမှုများဆက်လက်ဖြစ်ပေါ်နေပြီး နယ်စပ်ဂိတ်ကို ပိတ်ထားရဆဲဖြစ်သဖြင့် ခရီးသည်ထောင်ပေါင်းများစွာမှာ လမ်းခုလတ်တွင် ပိတ်မိလျက်ရှိသည်။
ချက်ချင်း အပစ်အခတ်ရပ်စဲရန် လည်းကောင်း၊ တင်းမာမှုများ လျှော့ချရန်လည်းကောင်း၊ တော်ခရန်းဒေသ၌ တပ်စွဲထားသော နှစ်ဖက်တပ်ဖွဲ့များကို အင်အားလျှော့ချရန် လည်းကောင်း တာဝန်ရှိသူများနှင့် မိမိဆွေးနွေးခဲ့ကြောင်း အာဖဂန်သံအမတ်ကြီးက ပြောကြားသည်။
ဇွန် ၁၂ ရက်မှ အစပြု၍ နယ်စပ်ဒေသ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်ကြည်းတပ်မှ ဗိုလ်မှူးတစ်ဦး ကျဆုံးခဲ့ရပြီး နိုင်ငံသား ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း၊ နယ်စပ်ဒေသကျေးရွာများမှ မိသားစုများ ဘေးလွတ်ရာသို့ ခိုလှုံနေကြရကြောင်း သတင်းတွင်ဖော်ပြသည်။
အာဖဂန်စစ်သည် နှစ်ဦးသေဆုံးခဲ့ရပြီး ၁၈ ဦး ဒဏ်ရာ ရရှိသည်ဟု အာဖဂန်တာဝန်ရှိသူများက ပြောကြားကြသည်။ နယ်စပ်ဒေသ၌ မိမိပိုင်နယ်မြေအတွင်း နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ဂိတ်တံခါးတစ်ခု တည်ဆောက်နေစဉ် အတွင်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့က စတင်ပစ်ခတ်ခဲ့ သည်ဟု ပါကစ္စတန်နိုင်ငံက ပြောကြားသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment