13.7.16

အစိုးရဌာနများသို့ ဓာတ်ဆီ၊ ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းအား ပြည်ပကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ရန် ပဏာမ ရွေးချယ်ထားသည့် ကုမ္ပဏီသုံးခုအနက် တစ်ခုကို အမှတ်ပေးရွေးချယ်နေ

လက်ရှိအစိုးရမှ နိုင်ငံပိုင်အဖြစ် လုပ်ကိုင်နေသည့် အစိုးရဌာနများသို့ ဓာတ်ဆီ နှင့် ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို ပြည်ပကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ရန် နိုင်ငံတကာတင်ဒါ အနေဖြင့် ခေါ်ယူထားပြီး တင်ဒါတင်သွင်းသည့် ကုမ္ပဏီများအနက် ပြည်ပကုမ္ပဏီ သုံးခုအား ပဏာမရွေးချယ်ထားပြီး ယင်းကုမ္ပဏီသုံးခုအနက် တစ်ခုကို အပြီးသတ်ရွေးချယ်ရန် အမှတ်ပေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ကုမ္ပဏီသုံးခုမှာ အိန္ဒိယနိုင်ငံမှ  Indian Oil ၊ အင်ဒိုနီးရှားနိုင်ငံမှ  PT Pentamina နှင့် Puma Energy Group Pte Ltd တို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီသုံးခုအနက် Puma Energy Group Pte Ltd သည် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းနှင့် JV အဖြစ် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

“ပဏာမ ရွေးချယ်ထားတဲ့ ကုမ္ပဏီသုံးခုကို အပြီးသတ်ရွေးချယ်ဖို့အတွက် အမှတ်ပေးမှု ပြုလုပ်နေတယ်။ အခုနှစ်ထဲမှာ အပြီးရွေးချယ်သွားမှာပါ” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောကြားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အစိုးရဌာနများသို့ ဓာတ်ဆီနှင့် ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းအား ပြည်ပကုမ္ပဏီနှင့် ဖက်စပ် လုပ်ကိုင်မည်ဖြစ်ပြီး စက်သုံးဆီအရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်၍ ပုဂ္ဂလိကနှင့် ယှဉ်ပြိုင်ရောင်းချမည် ဖြစ်သည်။

လက်ရှိအစိုးရက နိုင်ငံပိုင်အဖြစ် လုပ်ကိုင်နေသည့် အစိုးရဌာနများသို့ ဓာတ်ဆီ နှင့် ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို ပြည်ပကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ခြင်းအား ၂၀၁၆ခုနှစ်တွင် အပြီးဆောင်ရွက်သွား မည် ဖြစ်သည်။

ပြီးခဲ့သည့်၂၀၁၀ ခုနှစ်မှ စတင်ကာ ပြည်တွင်းလုပ်ငန်းရှင်များအား စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့သည်။ ထိုသို့ ရောင်းချခွင့်ပြုခဲ့သည့် ခြောက်နှစ်အတွင်း မြန်မာပြည်အနှံ့ ဆီသိုလှောင်စခန်းများ တည်ဆောက်နိုင်ရန် အခက်ခဲများရှိသည်ကို တွေ့မြင်ရကြောင်း၊ သီလ၀ါဆိပ်ကမ်းဒေသတွင်ပင် လုံလောက်အောင် တည်ဆောက်နိုင်ခြင်း မရှိသေးသဖြင့် နိုင်ငံတွင်း စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်မည်ကို စိုးရိမ်သဖြင့် စက်သုံးဆီ အရောင်းဆိုင်များဖွင့် လှစ်၍ ပုဂ္ဂလိကနှင့် ယှဉ်ပြိုင်ရောင်းချရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။  
Credit To >>> Eleven media Group

0 comments:

Post a Comment