18.7.16

ကျောက်စိမ်းထုတ်လုပ်မှု ယာယီ ရပ်ဆိုင်းပေးရန် တောင်းဆို

ကျောက်စိမ်းတူးဖော်မှု ယာယီ ရပ်ဆိုင်းပေးရန်နှင့် ပြည်တွင်းဈေးကွက်အတွင်း ကျောက်ဈေးကွက် စီးဆင်းမှု ရှိစေရေး လက်မှတ်ထိုး တောင်းဆိုမှုကို အစိုးရက လုပ်ဆောင်ပေးခြင်း မရှိလျှင် အများဆန္ဒနှင့်အညီ ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း မန္တလေးမြို့ရှိ ကျောက်လုပ်ငန်းရှင်များက ပြောကြားသည်။


မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်း ၈၇ x ၈၈ လမ်းကြား Dream House ခန်းမ၌ ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းတို့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်တွင်း ကျောက်ဈေးကွက်က အကြီးအကျယ် ပျက်စီးနေပါပြီ။ ဒါတွေကို မထိန်းချုပ်ရင် ပိုဆိုးလာဖို့ပဲ ရှိတယ်။ နောက်ဆုံး ဈေးကွက် ပျောက်သွားဖို့ထိ ရှိတယ်။ ဒါကြောင့် လက်မှတ်ထိုး တောင်းဆိုရတာ”ဟု ကျောက်ဝိုင်း မပြောင်းရွှေ့ရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းဦးက ပြောဆိုသည်။

ကျောက်စိမ်း တူးဖော်မှု ယာယီရပ် ဆိုင်းပေးစေရေး၊ အခွန် မဆောင်ဘဲ ကျောက်တူးကာ ပြည်ပ နိုင်ငံများသို့ ခိုးထုတ်နေမှုများကို တိတိကျကျ ကြပ်မတ် ဆောင်ရွက်ပေးရန် လက်မှတ်ရေးထိုး တောင်းဆိုမည်ဖြစ်ရာ မန္တလေး၊ စစ်ကိုင်း၊ ဖားကန့်တို့ရှိ ဒေသခံများထံမှ လက်မှတ် နှစ်သိန်းကျော် ရရှိမည်ဟု မျှော်လင့်ထားကြောင်း၊ လွှတ်တော် မစတင်မီ ဇူလိုင်လ ၂၄ ရက်နေ့အထိ မည်သည့် ကျောက်မျက် လုပ်ငန်းရှင်မဆို လက်မှတ်ထိုးနိုင်ကြောင်း၊ ယင်းလက်မှတ်များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ကျောက်စိမ်းတူးတာကို ယာယီ ရပ်ထားလို့ ဘာမှမဖြစ်ဘူး။ အခုချိန်မှာ တူးဖော်သူတွေ လက်ထဲမှာ သုံးနှစ်စာလောက် ကျောက်ရှိတယ်။ ဒါကိုမှ မတရား ဆက်တူးနေမယ်ဆိုရင် သယံဇာတတွေ ပြုန်းတီးမယ်။ အပြင်ထွက်(ပြည်ပပို့) နေတာတွေ ထိန်းချုပ်နိုင်မှ ပြည်တွင်း ဈေးကွက် ပြန်ကောင်းလာမယ်'' ဟု ကျောက်ဝိုင်း မပြောင်းရွှေ့ရေးနှင့် အဆင့် မြှင့်တင်ရေး ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။

၂ဝ၁၂ ခုနှစ်အတွင်း နယ်မြေ မငြိမ်းချမ်း၍ ကျောက်တူးဖော်မှု ယာယီ ပိတ်သိမ်းခဲ့သောကြောင့် ကျောက်ဈေးကွက် ကောင်းခဲ့သော်လည်း လက်ရှိတွင် ကျပ် သိန်း တစ်ရာတန် ကျောက်ကို ကျပ်သိန်း ငါးဆယ်ဖြင့်ပင် ပေးဝယ်မည့်သူ မရှိကြောင်း၊ အချောထည်တွင်လည်း ပြည်ပသို့ တရားမဝင် တင်ပို့နေမှုများကြောင့် ပြည်တွင်း ဈေးကွက်မှ ဝယ်ယူလိုသည့် နိုင်ငံခြားသားများ အခက်အခဲ ဖြစ်ရကြောင်း မန္တလေးမြို့ခံ ကျောက်မျက် လုပ်ကိုင်သူများ အသိုင်းအဝိုင်းထံမှ သိရသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment