18.7.16

ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ခေါင်းဆောင်တို့ ရန်ကုန်တွင် ပထမအကြိမ် တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ ခေါင်းဆောင်လေးဦးတို့ ဇူလိုင် ၁၇ရက် ညနေက ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRCP) ရုံးတွင် တွေ့ဆုံမှုက ညနေ ၃နာရီခန့်တွင် စတင်ကာ ၄နာရီ ၄၅မိနစ်တွင်ပြီးဆုံးခဲ့သည်။

တွေ့ဆုံမှုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အစပျိုးခဲ့သော ၂၁ရာစု ပင်လုံညီလာခံနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပူးပေါင်းပါဝင်နိုင်သည် ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်ရေးအတွက် လက်တွေ့စဉ်းစားချက်များကို ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများ နှင့် ပတ်သက်၍ တပ်မတော်၏ ထိုးစစ်ဆင်ခြင်းကို ရပ်တပ်ပေးရန် အထူးပြောဆိုဆွေးနွေးခဲ့သည်ဟု UNFC က ဆွေးနွေးမှုအပြီး ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၇ရက်က ဆွေးနွေးမှုအပြီးတွင် အားလုံးပါဝင်မှုရှိသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်ရန် နှစ်ဖက်လုံးက ဆက်လက်ညှိနှိုင်းသွားမည်ဟု သဘောတူညီကြကြောင်းလည်း ထုတ်ပြန်ထားသည်။

ယနေ့တွေ့ဆုံမှုနှင့် ပတ်သက်၍ (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီဘက်မှ ဦးလှမောင်ရွှေက "တွေ့ဆုံပွဲ ကောင်းပါတယ်။ ပိုရင်းနှီး၊ ပိုယုံကြည်မှုတွေအများကြီး ပိုရလာပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က ပိုမြန်လာဘို့ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်" ဟု ပြောသည်။

ယခုတွေ့ဆုံမှုပုံစံမှာ နီးနီးကပ်ကပ်နှင့် ရင်းရင်းနှီးနှီးရှိသည်ဟုလည်း ပြောဆိုမှုများရှိခဲ့သည်။

"ယနေ့ တွေ့ဆုံပွဲကို UNFC တိုင်းရင်းသားကိုယ်စားလှယ် အဖွဲ့ဘက်မှ စည်းဝေးပွဲ /ဆွေးနွေးပွဲ ပုံစံထက် မိသားစု တွေ့ဆုံပွဲ ပုံစံ အဆိုပြုခဲ့ပါတယ်။ ကော်မတီမှ ကျိုးစားပြီး ဆောင်ရွက်ခဲ့ပါတယ်" ဟု ဦးလှမောင်ရွှေက ပြောသည်။

တွေ့ဆုံမှုတွင် အစိုးရဘက်မှ NRCP ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီဘက်မှ ဒေါက်တာ တင်မျိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးမိုးဇော်ဦးတို့ပါဝင်သည်။

UNFC ဘက်မှမူ UNFC၏ ဥက္ကဋ္ဌ(ကေအိုင်အို ဒုဥက္ကဋ္ဌ) ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်၊ ကရင်နီတိုးတက်ရေးပါတီ နာယက ခွန်အေဘယ်လ်တွိဒ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နာယက ဒုတိယ ဗိုလ်ချုပ်ကြီး စေထင် နှင့် UNFC အဖွဲ့ဝင် ခူဦးရယ်တို့ ပါဝင်သည်။ ယင်းအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဘက်မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ(DPN)မှ ဗိုလ်ချုပ်လယီကောင်း၊ ဗိုလ်ချုပ်စိုင်းထူး၊ ဒေါက်တာ နိုင်ရွှေသိန်း၊ ဗိုလ်မှူးကြီးဆေအွန်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗိုလ်မှူးကြီး မင်းထွန်း၊ တာ့ညီလူ နှင့် ဗိုလ်မှူးကြီး လအောင်တို့ ပါဝင်သည်။

ယခုတွေ့ဆုံမှုမတိုင်မီ ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့်အဖွဲ့ နှင့် UNFC မှ ဦးခူရီးရယ်ဦးဆောင်သည့် အဖွဲ့တို့က တစ်ရက်ခွဲကြာ အကြိုဆွေးနွေး ညှိနှိုင်းခဲ့ကြသေးသည်။

တွေ့ဆုံမှုအသေးစိတ်ကို ဇူလိုင် ၁၈ရက် နံနက်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်မည်ဖြစ်သည်။

UNFC အဖွဲ့ဝင်များပါသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးထားပြီးဖြစ်သည့် လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ မျက်နှာစုံညီ ဆွေးနွေးပွဲကို ဇူလိုင်လ ၂၆ ရက်မှ ၂၉ရက်အထိ ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ကျင်းပမည်ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ၂၁ရာစု ပင်လုံညီလာခံ၌ အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များ ပါဝင်သင့်၊ မပါဝင်သင့်ကို ဆွေးနွေးဆုံးဖြတ်မည်ဖြစ်သည်။

Credit To >>> Mizzima Burmese

0 comments:

Post a Comment