18.7.16

ခရီးသွားများကြား လူမှုဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး လှုပ်ရှားမှုများ တစ်နိုင်ငံလုံး လုပ်မည်

ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များကြား လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍအတွက် အသိပညာပေး လှုပ်ရှားမှုအဖြစ် အလုပ်ရုံ ဆွေးနွေးပွဲများကို နိုင်ငံအနှံ့ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်သတိုးသူဇာအောင်က ပြောကြားသည်။

နိုင်ငံအနှံ့ လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ ကန်ပိန်းများ ပြုလုပ်ခြင်းကို လက်ရှိတွင် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း၊ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှု အသင်းတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

“အခု ကန်ပိန်းက ဘုရားဖူးတွေ၊ ဝတ်စားဆင်ယင်မှုတွေ ထိန်းသိမ်းဖို့ကို ပထမဦးဆုံး လှုံ့ဆော် ဖော်ပြထားတဲ့ စတေကာ ဗီနိုင်းတွေကို ဖြန့်ဝေတာပါ။ အဓိကကတော့ နိုင်ငံခြား ခရီးသွားတွေ ရှေ့မှာ ကိုယ့်ကြောင့်နဲ့ မြန်မာ ဆိုတာကို အထင်မသေးအောင် ဆိုတဲ့ စိတ်ပေါ့”ဟု ဒေါ်သတိုးသူဇာအောင်က ဆိုသည်။

နိုင်ငံအနှံ့ အသိပညာပေး အလုပ်ရုံ ကိန်ပိန်းများ ပြုလုပ်ခြင်းကို နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှု များပြားသည့် မန္တလေး၊ ညောင်ရွှေ၊ အင်းလေး၊ ပုဂံ အစရှိသော မြို့ကြီးများတွင် အဓိကထား ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ယင်း ကန်ပိန်းကာလကို ယခုလမှ စတင်ကာ ရက်ပေါင်း ခြောက်ဆယ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

လှုမှု ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် ယဉ်ကျေးမှု ဒေသများ၊ အများနှင့်ဆိုင်သော နေရာများတွင် ဝတ်စားဆင်ယင်မှုများ၊ ကျယ်လောင်စွာ ပြုမူပြောဆို နေထိုင်ခြင်း၊ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းတံတွေး ထွေးခြင်း အစရှိသော မလုပ်သင့်သည့် အချက်များကို ပြည်သူများကြား အသိပညာပေးများ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းထံမှ သိရသည်။

“နိုင်ငံခြားသားတွေအတွက် ဝန်ကြီးဌာနက ထုတ်ပြန်တဲ့(Do And Don’t)ဆိုပြီး တိတိကျကျ ရှိတယ်၊ ပြည်တွင်း အတွက် မရှိဘူး။ ဒါမို့ Don’t ဆိုတဲ့ အရာတွေကို ရွေးပြီး အသိပညာပေးမှု အနေနဲ့ လုပ်ဆောင်တာပါ။ အဓိကကတော့ ကိုယ်တိုင် မလုပ်ဖို့နဲ့ နောက်တစ်ဆင့်က သူများကိုပါ မလုပ်ဖို့ပေါ့”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ဆိုသည်။

ယင်းသို့ လူမှု ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် အသိပညာပေးမှုများ ပြုလုပ်ရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ အာဏာပိုင်များအပြင် အနုပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းများတွင် လူမှု အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း ဧည့်လမ်းညွှန်များက ဆိုသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment