8.7.16

ရခိုင်ရေဘေးကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင် တစ်ဦးသေဆုံး

ရခိုင်ပြည်နယ်တွင် ရေ ကြီးနစ်မြုပ်မှုကြောင့် ရေဘေးသင့်သူဦးရေ တိုးလာကာ ဇူလိုင် ၇ ရက်အထိ နောက်ဆုံးစာရင်းများ အရ အိမ်ခြေ ၅,၀၀၀ ခန့်မှ လူဦး ရေ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာ သို့ အရေးပေါ် တိမ်းရှောင်နေရပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ သတင်းရရှိ သည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင် ၃ ရက်မှစကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အမ်း၊ မင်းပြား၊ ဘူးသီးတောင်၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့၌ ရေကြီး နစ်မြုပ်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
 ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဦးစီးဌာန က ဇူလိုင် ၇ ရက် ညနေ ၅ နာရီခန့်အထိ မင်းပြားမြို့နယ်သည် ရေဘေး အဆိုးရွားဆုံးရင်ဆိုင်နေရပြီး လူတစ်ဦးသေဆုံးခဲ့သည်ဟု သတင်း ရရှိထားကြောင်း၊ စုစုပေါင်းလူဦး ရေ ၁၂,၀၀၀ ခန့်မှာ ရေဘေးလွတ် ရာ ယာယီကယ်ဆယ်ရေးစခန်း များသို့ သွားရောက်နေထိုင်နေ ကြရကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာ ကိုကိုနိုင်က ပြောသည်။ အမ်းမြို့တွင် လူဦးရေ ၄,၆၀၀၊ ဘူးသီး တောင်မြို့နယ်တွင် ၄၂၈ ဦး၊ ကျောက်တော်မြို့နယ်တွင် ၆၅၈ ဦးနှင့် မြောက်ဦး မြို့နယ်တွင် ၃,၆၉၆ ဦး ရေဘေးလွတ်ရာနေရာ များ၌ ခိုလှုံနေကြရကြောင်း သတင်းရရှိသည်။
 ‘‘ကျွန်တော်တို့က လော လောဆယ် ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေပေးနေတယ်။ ကျွန် တော်တို့ဌာန ပြည်နယ်ဦးစီးမှူး ရော၊ ကျောက်ဖြူခရိုင်ဦးစီးမှူး ရော ရေဘေးသင့်တဲ့ နေရာတွေ ဆီသွားနေတယ်။ တချို့နေရာ တွေလည်း ပြည်နယ်အစိုးရအကူ အညီနဲ့ ရဟတ်ယာဉ်တွေနဲ့သွား ပြီး ပစ္စည်းပို့တာတွေ ရှိနေတယ်။ လောလောဆယ်က စားရေရိက္ခာ အဓိကလိုနေတာ’’ဟု ဒေါက်တာ ကိုကိုနိုင်က ပြောသည်။
ယခုတစ်ကြိမ်ရေဘေးတွင် အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရသော မင်းပြားမြို့နယ်၌ ရေဘေးသင့်သူ များသည် ယာယီကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်၍ အခက်အခဲ မျိုးစုံရင်ဆိုင်နေရကြောင်း ဒေသ တွင်း ကယ်ဆယ်ရေးလုပ်ဆောင် နေသူများက ပြောသည်။ မိုးရွာ သွန်းမှုအနည်းငယ်လျော့ကျသွား သော်လည်း ဒေသတွင်းလေးမြို့ မြစ် မြစ်ကမ်းပါး ပြိုကျမှု ဆက် လက်ဖြစ်ပွားနေကာ နေအိမ်အချို့ ဖြိုဖျက်၍ အရေးပေါ်နေရာပြောင်းရွှေ့ပေးနေရကြောင်းနှင့် မင်းပြားမြို့နယ် ရွှေတမာအုပ်စု လက်မ (ရခိုင်)ရွာ၌ နေအိမ် ၁၉ လုံးခန့် ဖြိုဖျက်နေရကြောင်း မင်းပြားမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ပြောသည်။
‘‘ရေက ဒီနေ့နည်းနည်းပြန်ကျနေတာ တောင်မြို့ပေါ်မှာ ၂ပေခွဲလောက် မြုပ်နေသေးတယ်။ စိတ်ချလို့ မရသေးဘူး။ ရေကန်တွေ အားလုံးမြုပ်ကုန်လို့ သောက်သုံးရေအရေးပေါ်လိုနေတယ်။ ကျွဲတွေ၊ နွားတွေလည်း ကြုံသလို၊ ဖြစ်သလို ထားနေကြရတယ်’’ဟု ၎င်းက ပြောသည်။
အထက်ဖော်ပြပါ ရခိုင်ပြည်နယ်မြို့ငါးမြို့တွင် ရေဘေးရင် ဆိုင်နေရသည်မှာ ဇူလိုင် ၇ ရက်ဆိုလျှင် သုံးရက်ရှိပြီ ဖြစ်သည်။ ဒေသ တွင်း စာသင်ကျောင်း အချို့ကို လည်း ပိတ်ထားရပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲနေပြီ ဖြစ်၍ ကုန်ဈေးနှုန်း ကြီးမြင့်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ရေဘေးသင့်မြို့နယ်အချို့ ရေပြန်ကျနေသော်လည်း ရခိုင် ပြည်နယ်တွင် နေရာကွက်မိုးကြီး နိုင်သေးကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ လတ်တ လော ရေဘေးသင့်ဒေသများ မ ဟုတ်သည့် သံတွဲ၊ ပလက်ဝ၊ ဂွနှင့် တောင်ကုတ်မြို့တွင် ဇူလိုင် ၇ ရက်က ပုံမှန်ထက် မိုးရေချိန်ပိုခဲ့ ကြောင်း မိုးဇလက သတင်းထုတ် ပြန်ထားပြီး မြေနိမ့်ဒေသအချို့သို့ ရေစတင်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်သည် နှစ်စဉ်မိုးရာသီ ရောက်တိုင်း ရေဘေးအန္တရာယ်မကြာခဏရင်ဆိုင်နေရ သည်။ ပြီးခဲ့သည့် မေလကလည်း ရေကြီးနစ်မြုပ်ခဲ့ပြီး လူငါးဦးသေဆုံးခဲ့သည်။ ၂၀၁၅ ဇူလိုင်အတွင်းကလည်း ရခိုင်ပြည်နယ်အနှံ့ရေ ဘေးဆိုးရွားစွာ ရင်ဆိုင်ခဲ့ရသော ကြောင့် ပြည်နယ်အစိုးရ၏ သဘာဝဘေး ကြိုတင်ကာကွယ်ရေးအစီ အမံများ အားနည်းနေကြောင်း ရခိုင်လူမှုအဖွဲ့အစည်းများက ဝေဖန်နေသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment