11.1.17

မလေးရှားနိုင်ငံမှ NGOs များ၏ သင်္ဘောအုပ်စုအနေဖြင့် မြန်မာအစိုးရ၏ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ နိုင်ငံအတွင်းသို့ ၀င်ရောက်ခြင်း မပြုမိစေရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ မလေးရှားသံရုံးသို့ အကြောင်းကြားထား

မလေးရှားနိုင်ငံမှ NGOs များ၏ သင်္ဘောအုပ်စုအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ တရားဝင်ခွင့်ပြုချက် ရယူခြင်းမရှိဘဲ နိုင်ငံအတွင်းသို့ ၀င်ရောက်ခြင်း မပြုမိစေရန်အတွက် မလေးရှားနိုင်ငံ အစိုးရအနေဖြင့် ထိန်းသိမ်းညှိနှိုင်း ဆောင်ရွက်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့ရှိ မလေးရှားသံရုံးသို့ ဇန်န၀ါရီ ၅ ရက်က အကြောင်းကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Ministry of Foreign Affairs Myanmar မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အာဆီယံနိုင်ငံများမှ ရခိုင်ပြည်နယ်သို့ လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးကိစ္စနှင့် ပတ်သက်ပြီး သံတမန်လမ်းကြောင်းမှ တစ်ဆင့် တရားဝင်အကြောင်းကြား ဆောင်ရွက်ရန်၊ အကူအညီများအား ရခိုင်ပြည်နယ်ရှိ အသိုက်အ၀န်းနှစ်ခုလုံးအား ခွဲခြားမှုမရှိဘဲ ပေးအပ်ရန်နှင့် ဆိပ်ကမ်းများသို့ ရောက်ရှိချိန်တွင် အထောက်အပံ့ ပစ္စည်းများအား ရခိုင်ပြည်နယ်သို့ ပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် အလှူရှင်နိုင်ငံများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရားဝင် အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း ပါရှိသည်။


ထို့အတူ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ အသိုက်အ၀န်းနှစ်ခုလုံးအတွက် လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန်အတွက် သံတမန်လမ်းကြောင်းဖြင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အလားတူ မလေးရှားနိုင်ငံမှ NGOs များအနေဖြင့်လည်း ရခိုင်ပြည်နယ်သို့ လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပါဝင်သည့် သင်္ဘောအုပ်စု စေလွှတ်ရန် စီစဉ်နေသည်ကို ကြားသိရကြောင်း၊ သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအစိုးရနှင့် NGOs များအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ဆောင်ရွက်သည့် လမ်းကြောင်းအတိုင်း ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်းနှင့် မလေးရှားနိုင်ငံမှ NGOs များ၏ သင်္ဘောအုပ်စုအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ တရားဝင်ခွင့်ပြုချက် ရယူခြင်းမရှိဘဲ နိုင်ငံအတွင်းသို့ ၀င်ရောက်ခြင်းမပြုမိစေရန်အတွက် မလေးရှားနိုင်ငံအစိုးရအနေဖြင့် ထိန်းသိမ်း ညှိနှိုင်းဆောင်ရွက်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့ရှိ မလေးရှားသံရုံးသို့ ဇန်န၀ါရီ ၅ ရက်တွင် အကြောင်းကြားခဲ့ကြောင်း သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကလည်း ဇန်န၀ါရီ ၆ ရက်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာအသိုင်းအ၀ိုင်းအား သီးခြားရွေးချယ် ထောက်ပံ့မည့် မလေးရှားနိုင်ငံ NGOs များ၏ အထောက်အပံ့ ရေယာဉ်များစေလွှတ်ရေး အစီရင်ခံစာနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာ အသိုင်းအ၀ိုင်းအား သီးခြားရွေးချယ်ထောက်ပံ့မည့် မလေးရှားနိုင်ငံ NGOs များ၏ အထောက်အပံ့ရေယာဉ်များ စေလွှတ်ရေး အစီရင်ခံစာနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်န၀ါရီ ၅ ရက် နေ့စွဲဖြင့် မြန်မာနိုင်ငံရှိ မလေးရှားသံရုံးအား အကြောင်းကြားခဲ့ကြောင်း၊ ယင်းသို့ အကြောင်းကြားရာတွင် ရန်ကုန်မြို့ရှိ မလေးရှားသံရုံးအနေဖြင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာအသိုင်းအ၀ိုင်းအား သီးခြားရွေးချယ် ထောက်ပံ့မည့် အထောက်အပံ့ ရေယာဉ်များ စေလွှတ်ရန် စီစဉ်နေသော မလေးရှား NGOs များ၏ အစီရင်ခံစာများနှင့် ပတ်သက်၍ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး အလေးပေး ဆောင်ရွက်နေခြင်းအပေါ် ၀မ်းမြောက်မိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ လူ့အသိုင်းအ၀ိုင်းနှစ်ခုလုံးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံး၏ အစိုးရများက ခွဲခြားဆက်ဆံမှုမရှိ ပေးပို့မည့် လူ့သားချင်း စာနာထောက်ထားမှု အကူအညီများကို မြန်မာနိုင်ငံက ၀မ်းမြောက်ကြိုဆိုပါကြောင်းနှင့် ယင်းအား လျော်ကန်သင့်မြတ်သည့် သံတမန်ရေးရာ လမ်းကြောင်းများမှတစ်ဆင့် အဆိုပြု ဆောင်ရွက်ရန်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ရခိုင်ပြည်နယ်သို့ လှူဒါန်းလိုသည့် လူသားချင်းစာနာမှု အကူအညီများအား ငွေသား သို့မဟုတ် အလားတူ အကူအညီများကို သံတမန်လမ်းကြောင်းဖြင့်သာ အကူအညီပေးအပ်ကြရန် ဇန်န၀ါရီ ၂ ရက်နေ့စွဲပါ စာအမှတ်၊ ၃၁၄၆ (၀၁)/၂၀၁၇ (၁၂) ဖြင့် ရန်ကုန်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများသို့ အကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံအစိုးရက သံတမန်လမ်းကြောင်းမှ တစ်ဆင့် လှူဒါန်းခဲ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ရခိုင်ပြည်နယ်ရှိ အသိုင်းအ ၀ိုင်းနှစ်ခုစလုံးသို့ ထောက်ပံ့ပေးပို့နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အင်ဒိုနီးရှားသံရုံးနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုနည်းတူစွာ အစိုးရများ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် အကူအညီ လိုအပ်နေသည့် ရခိုင်ပြည်နယ်ရှိ ဒေသများသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လိုပါက အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံအနေဖြင့်လည်း အင်ဒိုနီးရှားနိုင်ငံကို ဥပမာပြု၍ ဆောင်ရွက်သွားမည်ဟု မျှော်လင့်မိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအစိုးရ၏ ကြိုတင်ခွင့်ပြုချက် မရယူဘဲ ၀င်ရောက်ခွင့် မပြုထားသော အထောက်အပံ့ ရေယာဉ်များ စေလွှတ်ရေး NGOs အဖွဲ့အစည်းများ၏ အစီရင်ခံစာအပေါ် တားဆီးရန်အတွက် မလေးရှားနိုင်ငံအစိုးရမှ လိုအပ်သော နည်းလမ်းများ ဆောင်ရွက်သွားမည်ဆိုပါက ကျေးဇူးတင်ရှိမည်ဖြစ်သည်ဟု မလေးရှားသံရုံးအား အကြောင်းကြားထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment