11.1.17

ဇန်န၀ါရီ ၁၆ ရက်တွင် စတင်မည့် အများပိုင်ယာဉ်လိုင်း စနစ်၌ ယခင် ကားတစ်ဆင့်သာ စီးရသည့် အခြေအနေမှ ယခု နှစ်ဆင့် သုံးဆင့် စီးရမည့် ခရီးစဉ်များအပေါ် လွှတ်တော်ကိုယ်စားလှယ် အချို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့အား တင်ပြ

ဇန်န၀ါရီ ၁၆ ရက်တွင် စတင်မည့် ရန်ကုန်မြို့၏ အများပိုင်ယာဉ်လိုင်း စနစ်တွင် ယခင် ကားတစ်ဆင့်သာ စီးရသည့် အခြေအနေမှ ယခု နှစ်ဆင့် သုံးဆင့် စီးရမည့် ခရီးစဉ်များ အပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ် တင်ပြခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ထံမှ သိရသည်။

ဇန်န၀ါရီ ၁၆ ရက်တွင် စတင်မည့် ရန်ကုန်မြို့၏ အများပိုင် ယာဉ်လိုင်းစနစ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီး နော်ပန်းသဉ္ဇာမျိုးနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဇန်န၀ါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီက တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ ၁၆ ရက်နေ့ စလုပ်တော့မယ့် ယာဉ်လိုင်းစနစ်မှာ အစ်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကူအညီလည်း လိုအပ်တာ ဖြစ်တဲ့အတွက် ကိုယ်စားလှယ်တွေကို ခေါ်ပြီး ရှင်းပြတာပါ။ ကိုယ်စားလှယ် တစ်ဦးချင်းစီက လက်ရှိ ပြည်သူတွေ ပြောနေတဲ့ အခြေအနေတွေ အပေါ်မှာ ထည့်သွင်းစဉ်းစားပေးဖို့ ဆွေးနွေးပါတယ်။ ဒီစနစ် စမယ်ဆိုတော့ အချို့ကားက နှစ်ဆင့်စီးရမယ့် ကိစ္စပေါ့။ အခြေခံ ပြည်သူကတော့ ကားနှစ်ဆင့် စီးရမယ်ဆိုရင် ကားခ နှစ်ခါကုန်တော့မယ်လေ။ အဲဒီကိစ္စကို အစ်မတို့ ထည့်သွင်း တင်ပြခဲ့တယ်။ သူတို့ကတော့ ပထမသုံးလကတော့ သည်းခံပြီး ဒီလိုပဲ သွားမယ်ပေါ့။ နောက် သုံးလလောက်ဆိုရင် ဒုတိယ အဆင့် အနေနဲ့ e ticket စနစ် ရအောင်လုပ်မယ်။ အဲဒီအခါကျရင် ကိုယ်စီးတဲ့ မိုင်အလိုက်ပဲ ပိုက်ဆံကျမယ်ပေါ့။ သူတို့ ရှင်းပြသွားသော်ငြားလည်း နည်းနည်းလေး စိတ်ပူတယ်။ ပြည်သူတွေ တချို့ လက်လုပ်လက်စားကျတော့ တစ်ဆင့်က ၂၀၀၊ နောက်တစ်ဆင့် ၂၀၀ ဆိုတော့ အဆင်မပြေတာမျိုး ရှိတယ်” ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

“ကားနှစ်ဆင့် သုံးဆင့် ပြောင်းစီးရမယ့် ပြည်သူတွေကြားထဲက အသံတွေလည်း သူတို့ကို ကျွန်တော်တို့ ပြောဖြစ်ပါတယ်။ ဒီနေ့ အစိုးရ အဖွဲ့ကလည်း ရှင်းပြတာပေါ့။ အစိုးရ အဖွဲ့က ဒါကိုချပြတယ်။ ဒီအလုပ်ကို ပြလိုက်ပြီ။ အဲဒီ နောက်ဆက်တွဲကို နားထောင်မယ်။ အဲဒီမှာ လိုအပ်ရင် လိုအပ်သလို ပြုပြင်ပြောင်းလဲသွားဖို့ အစီအစဉ်တွေ ရှိနေပါတယ်။ လောလောဆယ်မှာတော့ ပြည်သူတွေဆီက အသံတွေ ထွက်မှာပဲ။ ဒါကလည်း မျှော်မှန်းထားပြီးသားပါ။ နှစ်ဆင့် သုံးဆင့် ပြောင်းစီးရတော့ ယာဉ်စီးခ အပေါ်မှာလည်း ကျွန်တော်တို့ မေးပါတယ်။ အလွန်ဆုံးတော့ နှစ်ဆင့်ပါပဲ။ ကျွန်တော်တို့လည်း အကြိတ်အနယ် ဆွေးနွေးခဲ့ပါတယ်။ ကိုယ်သွားချင်တဲ့နေရာ တစ်ခုရောက်ဖို့ နှစ်ဆင့်စီးရမယ်။ ခက်ခဲရင် သုံးဆင့်တော့ သွားရမှပေါ့။ ဒါပေမဲ့ နှစ်ဆင့်နဲ့ ရောက်အောင် ကြိုးစားပြီးတော့ သူတို့ လုပ်ပေးထားတယ်” ဟု အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။

ထို့ပြင် ယခုကဲ့သို့ အများပိုင်စနစ်အတွက် ပြောင်းလဲလိုက်သည့် လမ်းကြောင်း ၆၀ ၌ လက်ရှိပြေးဆွဲနေသည့် အချို့လမ်းကြောင်းများ ပျောက်သွားခြင်းကြောင့် ပြန်ထည့်ပေးရန်လည်း တင်ပြခဲ့ကြောင်း ဦးဝေဖြိုးဟန်က ဆိုသည်။

“အချို့လိုင်းတွေ အင်းစိန်ဘက်မှာ ပျောက်သွားတဲ့ လမ်းကြောင်းတွေ ရှိတယ်။ အဲဒါကို ကျွန်တော်တို့ကို ပြန်ထည့်ပေးဖို့ ပြောတော့ သူတို့ ဒါလေးတွေကို ထည့်သွင်းစဉ်းစားပြီး ပြန်ထည့်ပေးဖို့ အာမခံထားတယ်။ ယာဉ်စီးခ အပိုင်းကတော့ လောလောဆယ်မှာတော့ ပြည်သူလူထု အနေနဲ့ နည်းနည်းလေး သည်းခံပေးပါ။ နောက်ပိုင်း ကတ်စနစ်လာရင်တော့ ကိုယ်သွားချင်တဲ့ ဂိတ်စကနေ ရောက်ချင်တဲ့ နေရာကို ကျသင့်သလောက်ပဲ ပေးရမှာပါ။ အရင်ကဆို အင်းစိန် ပေါက်တောဝလောက်ဆိုရင် သွားတဲ့လိုင်းက ဘုရင့်နောင်ဈေးကို ဖြတ်ရတယ်။ အဲဒီနားက လူတွေက လှည်တန်းဘက်ကို သွားချင်တယ်။ ဘူတာရုံလမ်းတို့၊ သုခတို့ပေါ့ဗျာ။ အရင်ကဆို ရွှေဧည့်သည် စီးလို့ရတယ်။ အခုဆိုရင် အဲဒီလိုင်းက ပျောက်သွားတယ်။ ပျောက်သွားပြီးတော့ လှည်းတန်းသွားချင်ရင် နံပါတ် ၄၀ ကို စီးမယ်။ ဆင်မလိုက်မှာ ဆင်းမယ်။ ဆင်မလိုက်ကနေ လှည်းတန်းရောက်တဲ့ကားကို စီးမယ်ဆိုရင် လှည်းတန်းတော့ ရောက်မယ်ပေါ့။ နှစ်ဆင့် ဖြစ်သွားမယ်။ လှည်းတန်း မဟုတ်ဘဲ ကြားထဲက ဘူတာရုံ လမ်းတို့၊ သုခတို့ သံလမ်းတို့ သွားချင်တဲ့သူတွေ ဆိုရင် ဘုရင့်နောင်လမ်းဆုံ တစ်ခေါက်ဆင်းရမယ်။ ဘုရင့်နောင်လမ်းဆုံကနေ သမိုင်းလမ်းဆုံကို ဆင်းရမယ်။ သမိုင်းလမ်းဆုံကနေ တစ်ဆင့်စီးရမယ် ဆိုရင် သုံးဆင့်လောက် ဖြစ်သွားပြီ။ အဲဒါကိုလည်း ကျွန်တော်တို့ ပြောပြထားတယ်” ဟု ဦးဝေဖြိုးဟန်က ဆက်လက်ပြောကြားသည်။

“သူတို့ကလည်း ပြောတယ်။ ဒါကြီးက ပထမအဆင့် အနေနဲ့ စပြီး လုပ်လိုက်တယ်။ သေချာလည်း ပြင်ဆင်ထားတယ်။ လက်ကမ်းစာစောင်တွေလည်း ဝေမယ် ဆိုတော့။ ရက်က အရမ်းကပ်တယ်။ နည်းနည်း စိတ်ပူပန်မှု ရှိတယ်။ စလုပ်တဲ့နေ့က တနင်္လာနေ့ ဖြစ်နေတော့ စိတ်ပူတယ်။ ဖြစ်စေချင်တာမျိုး ဆိုရင် စနေနေ့လိုမျိုး စလုပ်လိုက်မယ် ဆိုရင် လူတွေက စနေနေ့ စတယ်။ တနင်္လာနေ့ ရုံးတက်ဖို့ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရမယ်” ဟု ဒေါ်ကြည်ပြာက ဆက်လက် ပြောကြားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment