21.6.13

သရုပ်ဆောင်မေဇွန်အား အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ၄ လချမှတ်


    အိမ်အကူမလေး သေဆုံးမှုနှင့်ပတ်သက်ပြီး အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခြင်း ခံထားရ သည့် သရုပ်ဆောင်မေဇွန်အား ဇွန် ၂၀ ရက်က အပြီးသတ်အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ သရုပ်ဆောင်မေဇွန်အား အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး(၃)မှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၂) အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၉ နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်သုံးလနှင့် ပုဒ်မ ၃၂၃အရ ထောင်ဒဏ် ၁ လတို့ကို သီးခြားကျခံစေရန်နှင့် ချုပ်ရက်ကိုထုတ်နုတ်ခံစားစေပြီး အယူခံဝင်ခွင့်ရှိကြောင်း ဇွန် ၂၀ ရက် မွန်းလွဲပိုင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်ညက အိမ်ဖော်မလေးသေဆုံးမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံရခဲ့ရပြီး ဇွန် ၂၀ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
   မေဇွန်သည် ကျောင်းကိစ္စအရေးကြီးသဖြင့် ခရီးထွက်စဉ် သော့မှာ၎င်းနှင့်အတူပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် အခန်းထဲတွင်သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး အဆို ပါ ပြစ်ဒဏ်အပေါ် တရားခံ၏ရှေ့နေဖြစ်သူဦးအောင်မြင့်က ''ဒီပြစ်ဒဏ်က ပြင်းထန်တယ်လို့ထင်မိပါတယ် ။နောက်ပြီး မေဇွန်ကကျောင်းတက်နေဆဲ ကျောင်းသူဖြစ်ပြီး ငယ်ရွယ်တဲ့သူဖြစ်တာရယ်၊ အရင်ကပြစ်မှု ကျူးလွန်ခြင်း မရှိခဲ့ဖူးတာရယ်ကြောင့် ဒီပြစ်ဒဏ်အပေါ် သက်ညှာပေးဖို့ အယူခံတက်သွားမှာပါ'' ဟု ဇွန် ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
   သေဆုံးခဲ့သည့် မနုနုလွင်သည် နောက်စေ့၊ လက်မောင်း၊ ပခုံးတို့တွင် ဖူးယောင်ဒဏ်ရာများ ရရှိ ခဲ့ကြောင်း၊ လက်ဖျံ၊ ညာလက်ကောက်ဝတ်နှင့် ၀ဲပါးစောင်းတွင်သွေးခြည်ဥသည့် ဒဏ်ရာများနှင့်တကွ အရေပြားတွင် အစင်းရာများတွေ့ရှိခဲ့ကြောင်း၊ သေဆုံးပြီး ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူသည်ရရှိ သည့်ဒဏ်ရာများကြောင့် ကျောက်ကပ်ပျက်စီးပြီး ဇီဝကမ္မဖြစ်စဉ်အရ စိတ်ဓာတ်ကျဆင်း၍သေဆုံးရခြင်းဖြစ် ဖွယ်ရှိကြောင်း ဆေးစာတွင် ဖော်ပြချက်အရ စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါတရားသူကြီးကဆိုသည်။ အခြားအိမ်အကူဖြစ်သည့် မဇင်ဇင်ထိုက်၏ထွက်ဆိုချက်အရ မေဇွန်သည်အိမ်အကူများအား မကြာခဏနှိပ် စက်ခဲ့ကြောင်းနှင့် မေဇွန်သည် ကျောင်းကိစ္စအရေးကြီးသဖြင့် ခရီးထွက်စဉ်သော့မှာ ၎င်းနှင့်အတူပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် အခန်းထဲတွင် သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး မေဇွန်နှိပ်စက်သဖြင့် သေဆုံးရခြင်းသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု တရားသူကြီး က ပြောကြားခဲ့သည်။

ဖေ့ဘုတ် (ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

0 comments:

Post a Comment