28.6.13

မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန် အော်ပရေတာ ခေါ်ယူရာတွင် နော်ဝေနိုင်ငံအခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက် QTel(Ooredoo) တို့မှ တင်ဒါအောင်မြင် သွားခဲ့ကြောင်း တယ်လီကွန်းအော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီမှသတင်းထုတ်ပြန် လိုက်သည်။ နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးများထဲတွင်အပါအ၀င်ဖြစ်ပြီး ကာတာအခြေစိုက် QTel ကုမ္ပဏီကလည်း မြန်မာနိုင်ငံ တွင် လုပ်ငန်းလိုင်စင် ရရှိပါက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြား ထားသော ကုမ္ပဏီဖြစ်ပြီး အဆိုပါ ပမာဏမှာ ၀င်ရောက်ယှဉ်ပြိုင်သည့် အော်ပရေတာ ကုမ္ပဏီ များထဲတွင် ငွေကြေးပမာဏ အများဆုံးဖြစ်သည်။

နိုင်ငံတကာ အကြံပေးများနှင့် နည်းပညာအဖွဲ့၏ ပံ့ပိုးမှုဖြင့် လွတ်လပ်သော တင်ဒါရွေး ချယ်ရေး ကော်မတီ၏ ထောက်ခံမှုပေါ် အခြေခံ၍ မြန်မာနိုင်ငံ အစိုးရက အဆိုပါ ကုမ္ပဏီနှစ်ခု ကို Nationwide Telecommunications Licenses နှင့် Associated Spectrum Licences တို့ ကိုပေးအပ်ရန် စီစဉ်နေပြီဖြစ်သည်။ ၎င်းတို့ကုမ္ပဏီနှစ်ခု လိုင်စင်မရရှိမီတွင် တင်ဒါရွေးချယ်မှု အပြီး လိုအပ်ချက်များကို ဦးစွာဖြည့်ဆည်းရမည် ဖြစ်သည်။ အဆိုပါ လိုအပ်ချက်များတွင် လက်ရှိ ကျင်းပနေသည့်လွှတ်တော်တွင် အတည်ပြုဖွယ်ရှိနေသည့် ဆက်သွယ်ရေး ဥပဒေကြမ်း ကို လိုက်နာနိုင်မည့်သူကို ပေးအပ်မည့် လိုင်စင်ကို လက်ခံရမည် ဖြစ်သည်။ အဆိုပါလိုအပ်ချက် ကို မဖြည့်ဆည်းနိုင်သည့် ကုမ္ပဏီနေရာတွင် အစားထိုးရန် France Telecom-Orange ကိုအရန် အဖြစ် ရွေးချယ်ထားသည်။


တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီမှ ထုတ်ပြန်ချက် 

Telenor ကုမ္ပဏီ သည် လိုင်စင် ရရှိပါက ချက်ချင်းလုပ်ငန်း စတင်မည်ဖြစ်ပြီး ကိုးလအတွင်း ကွန်ရက်များကို စတင်တည်ထောင် သွားမည်ဖြစ်ကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆက်သွယ်ရေးကွန်ရက်ကို ဖြန့်ကျက်သွားမည်ဟု Telenor ကုမ္ပဏီ၏ ထုတ်ပြန်ချက် အရ သိရသည်။ ထို့ပြင် ၎င်းတို့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် MEC မှ ချထားပေးနေ သည့် ၁၅၀၀ တန် ဆင်းမ်ကဒ်မှာ ဈေးကြီးနေသေးသည်ဟု မှတ်ချက်ပြုခဲ့သည်။ ''ဆင်းမ်ကဒ် ဆိုတာက တစ်ပြားမှ ပေးရတာမျိုး မဟုတ်ဘူး။ ၀န်ဆောင်မှုတွေ အတွက်ပဲ ပိုက်ဆံပေးရတာ ပါ'' ဟု Telenor ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ အကြီးအကဲက ဆိုသည်။ ကာတာနိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Ooredoo (QTel) ကုမ္ပဏီက မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ သုံးစွဲသွားမည်ဟု ပြောကြားထားသည့် ကုမ္ပဏီဖြစ်သည်။ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခု စာရင်းကို မကြေညာမီ ဇွန် ၂၆ ရက်က ပြည်သူ့လွှတ်တော်တွင် ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်း ပြီးမှ ကုမ္ပဏီများကို ရွေးချယ်တာဝန်ပေးအပ်ခြင်းကို ဆောင်ရွက်ရန် တနိုင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက အရေးကြီး အဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ဖြစ်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတက ၂၇-၆-၂၀၁၃ ရက်စွဲပါ စာအမှတ် ၁၀၇(၂)/ ၈/ သမ္မတ ရုံး ဖြင့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ လိပ်မူ ပြီး နိုင်ငံတော် အစိုးရအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ချထားပေးရေး လုပ်ငန်းစဉ်ကို တည်ဆဲဥပဒေများနှင့်အညီ ပြည်တွင်း၊ ပြည်ပကုမ္ပဏီကြီးများအား ပွင့်လင်းမြင်သာစွာ ဖိတ်ကြား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ရန် နားလည်လက်ခံနိုင်ရန် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

EMG

0 comments:

Post a Comment