15.7.13

ကံဆိုးလှသည့် ဘရာဇီးလ်သား

အိပ်ပျော်နေစဉ် နွားမတစ်ကောင်ပိမိသဖြင့် သေဆုံးအသ က် (၄၅)နှစ်ရှိ ဂျိုအိုမာရီရာ ဒီဆိုဇာသည် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသည့် အူကြောင်ကြောင် မတော်တဆမှုတွင် ခြေထောက်ကျိုးသွားသလို ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခဲ့ပြီးနောက် ဆေးရုံတွင် ကွယ်လွန်ခဲ့ရှာသည်


ဘရာဇီးလ် နိုင်ငံတွင် ကံဆိုးလှသူ တစ်ဦးသည် ၎င်းအိပ်ပျော်နေစဉ် မိုးပေါ်မှ ကျလာသည့် နွားမတစ်ကောင် ပိမိသဖြင့် သေဆုံးသွားခဲ့သည်။ အသက်(၄၅)နှစ်ရှိ ဂျိုအိုမာရီရာ ဒီဆိုဇာသည် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသည့် အူကြောင်ကြောင် မတော်တဆမှုတွင် ခြေထောက်ကျိုးသွားသလို ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခဲ့ပြီးနောက် ဆေးရုံတွင် ကွယ်လွန်ခဲ့ရှာသည်။ ဆရာဝန်များက ဂျိုအို၏ သေဆုံးမှုသည် ကိုယ်တွင်း သွေးယိုစီးမှုကြောင့်ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းသည် မိမိ၏ နေအိမ်တွင် အိပ်ပျော်နေစဉ် အမိုးကို ဖောက်ပြီး ကျလာသည့် နွားမ၏ ပိမိမှုကို ခံခဲ့ရခြင်း ဖြစ်သည်။ အလွန်ထွားသော နွားမသည် (၁)တန်ခွဲစာမျှ ဖိအားဖြင့် ဂျိုအို့အပေါ် ကျလာခြင်းဟု ဆိုသည်။

ဂျိုအို၏ ဇနီးသည် အခင်းဖြစ်ပွားချိန်တွင် ၎င်း၏အနီး၌ ကပ်အိပ်နေသော်လည်း ကြောက်မက်ဖွယ် ဖြစ်စဉ်မှ အလွန်ကျဉ်းမြောင်း ကံသီစွာ လွတ်မြောက်သွားသည်။ ဂျိုအိုကို ဆေးရုံသို့ ခေါ်ဆောင်ခဲ့သော်လည်း ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း Hoje em Dia သတင်းစာက ဖော်ပြခဲ့သည်။ "ကမ္ဘာကြီးကနေ စွန့်ခွာသွားဖို့ နည်းလမ်းတွေထဲမှာ မိုးပေါ်က ကျလာတဲ့ နွားမတစ်ယောက်ကြောင့် ဆိုတာက ဖြစ်နိုင်ခြေ အနည်းဆုံး မဟုတ်လားဗျာ"ဟု ဂျိုအို၏ ယောက်ဖဖြစ်သူက သတင်းစာသို့ စိတ်ပျက်လက်ပျက် ပြောကြားခဲ့သည်။

မြို့ငယ်လေး ကာရာတင်ဂါတွင် ဖြစ်ပွားသော ကိစ္စအတွက် ဂျိုအို၏ မိသားစုသည် ရဲများကို အကြောင်းကြား အသိပေးခဲ့သည်။ အဆိုပါ နွားမသည် ပတ်ဝန်းကျင် စားကျက်တစ်ခုမှ မျက်စိလည်ကာ အိမ်နံဘေး ကုန်းတန်းလေးအတိုင်း တက်ပြီး အိမ်ခေါင်မိုးပေါ် လမ်းလျှောက်လာခြင်း ဖြစ်ဖွယ် ရှိသည်။ ထိုအခါ ပါးလွှာသော အိမ်အမိုးက နွားမ၏ အလေးချိန်ကို မခံနိုင်ဘဲ ဂျိုအိုပေါ်တည့်တည့် ကျွံကျသွားခြင်းဟု ရဲများက ကောက်ချက်ချထားသည်။ နွားမသည် အမြင့်(၈)ပေကျော်မှ ဂျိုအိုပေါ် အရှိန်နှင့် ကျသွားခြင်း ဖြစ်သည်။

ဂျိုအို၏ မိခင်က "ကျွန်မသားက နွားမတစ်ကောင် ပိမိလို့ သေရတယ်လို့ ဘယ်တုန်းကမှ တွေးမထားမိဘူး။ သူ့အသက် (၂)နှစ်လောက်တုန်းက ဦးနှောက် အမြှေးရောင် ရောဂါကြောင့် သေလုမြောပါး ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်မ ဆေးဝယ်ဖို့ အလုပ်ကြိုးစားပြီး သူ့ကို ကုခဲ့တယ်။ အဲဒီတုန်းကတောင် သူအသက်ရှင်ခဲ့ပါသေးတယ်"ဟု ကြေကွဲစွာ ပြောဆိုသွားသည်။ ယခုအခါ နွားမ၏ ပိုင်ရှင်ဖြစ်သူကို (ရည်ရွယ်ချက်မပါသော) လူသေမှုဖြင့် စွဲချက် တင်ထားလိုက်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Planet Myanmar Network

0 comments:

Post a Comment