3.9.13

အာမခံချက်ရှိသော နိုင်ငံရေးအရွေ့ တည်ဆောက်နိုင်ပြီဟု သမ္မတဆို

အစိုးရသစ်သက်တမ်း သုံးနှစ်တာကာလအတွင်း နိုင်ငံပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရာတွင် အာမခံချက်ရှိသော နိုင်ငံရေးဖြစ်စဉ် အရွေ့ကို တည်ဆောက်နိုင်ပြီဟု သုံးသပ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။


“ဒီလိုရှုမြင်နိုင်မှ ကျွန်တော်တို့ ရယူပိုင်ဆိုင်လိုတဲ့ ဒီမိုကရေစီကို အခြေခံတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်အကြား ကောင်းမွန်မှန်ကန်တဲ့ အပြန်အလှန် ထိန်းကျောင်းမှုတွေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် ပြောကြားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

လက်ရှိအစိုးရသစ် သက်တမ်းသုံးနှစ်တာ ကာလအတွင်းတွင် အုပ်ချုပ်ရေးအဖွဲ့သည် ပြည်သူကို ဗဟိုပြုကာ လုပ်ဆောင်ခြင်းမဟုတ်ဘဲ အထက်လူကြီးကို ဗဟိုပြုနေကြဆဲ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်သည်။

“အုပ်ချုပ်ရေးအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းမှု အားနည်းတယ်” ဟုလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိအချို့ကမူ လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက် စွက်ဖက်သဖြင့် ပြဿနာများ ဖြေရှင်းရာတွင် အချိန်ကြန့်ကြာသည့်အပြင် အခက်အခဲများ ဖြစ်ရကြောင်း ပြောကြားသည်။

ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအစရှိသည့် မဏ္ဍိုင်သုံးရပ်သည် အသီးသီး တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ပြီး မဏ္ဍိုင်သုံးရပ်အတွင်း အချင်းချင်း ထိန်းကျောင်းရန် လိုအပ်ကြောင်း၊ ပြဿနာများကို အဖြေရှာကြရန်နှင့် ထပ်မံ၍ ပြဿနာများ မဖြစ်ပွားရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သြဂုတ်လ တတိယပတ်အတွင်းက ပြောဆိုထားသည်။

The Voice Weekly

0 comments:

Post a Comment