3.9.13

တာချီလိတ်မြို့ ပါခုတ်စစ်ဆေးရေးဂိတ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၉၈၄၀၀၀ ပြား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုတ်စစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၃၁ ရက်နေ့ ညနေ့ ၃ နာရီ ၃၀ မိနစ်အချိန် တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် အိုက်အွမ်(ကျား)၊ ယာဉ်နောက်ဘက် ဘော်ဒီကြမ်းခင်း (၂)ထပ် အံဝှက်အတွင်း WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေး ၉၈၄၀၀၀ ပြား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ပါခုတ်စစ်ဆေးရေးဂိတ်တာဝန်ကျ အဆိုပါပူးပေါင်းအဖွဲ့တို့သည် ဝှေလေလန်ကျေးရွာဘက်မှ ၀မ်ပုံဘက်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင် လာမည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုတ်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် အသင့်စောင့် ဆိုင်းနေစဉ် ကြိုတင်သတင်း ရရှိထားသူ အိုက်.....သည် ၄ဂ/xxxx နံပါတ်ပါ တိုယိုတာ ဒိုင်နာအမျိုးအစား အပြာရောင် မော်တော်ယာဉ်ဖြင့် တာချီလိတ်ဘက်မှ ပါခုတ်စစ်ဆေးရေး ဂိတ်သို့ မောင်းနင်ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်နောက်ဘက် ဘော်ဒီကြမ်းခင်း (၂)ထပ် အံဝှက်အတွင်း အ၀ါရောင်တိပ်ဖြင့် ပတ်ထားပြီး မှိုင်းခံစက္ကူဖြင့် ထုပ်လျှက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁)ထုပ်လျှင် (၆၀၀၀)ပြားစီပါ (၁၆၄)ထုပ်၊ စုစုပေါင်းဆေးပြား(၉၈၄၀၀၀)၊ အလေးချိန် (၉၈.၄)ကီလို၊ ကာလတန်ဖိုး ဆေးပြား (၁)ပြားလျင် (၂၀၀၀ိ/-)နှုန်းဖြင့် ကျပ်သိန်းပေါင်း (၁၉၆၈၀)သိန်းအား ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။

ဖမ်းဆီးရမိသော အသက် ၃၀ နှစ်ရှိ တရားခံ အိုက်...အား တာချီလိတ်မူးယစ်(အထူး)အဖွဲ့ရုံးတွင် ကွင်းဆက် ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

"အခုလို မြန်မာဘက်က မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖမ်းဆီးပေးနိုင်တာ ကောင်းတာပေါ့၊ မဟုတ်ရင် ထိုင်းနိုင်ငံက ရဲတွေက မြန်မာဘက်က မဖမ်းပေးဘူး၊ သူတို့နားရောက်မှပဲ ဖမ်းနေရတယ်လို့ ခဏခဏပြောနေကြတယ်"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နေ မြန်မာနိုင်ငံသားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

ယခုဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ ကာလတန်ဘိုးမှာ ကျပ်သိန်းပေါင်း ၁၉၆၈၀ ရှိကြောင်း သိရပြီး၊တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ သြဂုတ်လအတွင်း၌ ကျပ်သိန်းပေါင်း ၂၀၀၀၀ခန့် တန်ဘိုး ရှိသည့် အက်ဖီတမင်းနှင့် မူးယစ်ဆေးဝါးအပြင် ကျပ်သိန်းပေါင်း ၃၅၉ သိန်းခန့် တန်ဘိုးရှိသော မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိကြောင်း သိရှိရသည်။

တာချီလိတ်သတင်းဌာန

0 comments:

Post a Comment