4.9.13

ဧရာဝတီတိုင်း ဒေသကြီးအတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပေးရာတွင် လယ်ယာမြေ မှုခင်းများ ဖြစ်ပေါ်နေ

ဧရာဝတီတိုင်း ဒေသကြီးအတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်များ ထုတ်ပေးရာတွင် တစ်တိုင်းလုံး ပျှမ်းမျှရာခိုင်နှုန်း ၄၀ ခန့် ပြီးစီးသော်လည်း လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားခြင်းများ ရှိနေပြီး ဖြေရှင်းပေးမှု အားနည်းကြောင်း သတင်းရရှိသည်။


လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်များ ချထားပေးရာတွင် လက်မှတ်ထုတ်ပေးပြီးသော ဒေသအချို့တွင် လယ်ယာမြေ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မရှိသောကြောင့် ကန့်ကွက်တိုင်ကြားမှုများ၊ တရားစွဲဆိုမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်များ ထုတ်ပေးမှုအပေါ် ကန့်ကွက်တိုင်ကြားမှုများကိုလည်း စုံစမ်းအရေးယူ ဆောင်ရွက်ပေးမှု အားနည်းလျက်ရှိကြောင်း လယ်သမား အဖွဲ့အစည်းများထံမှ သိရသည်။

"လယ်ယာမြေ မှတ်ပုံတင်ထုတ်ပေးတာမှာ ကန့်ကွက်တာတွေကို အရေးယူပေးမှု မရှိဘူး။ လယ်ပိုင်ရှင် မဟုတ်တဲ့သူက လက်မှတ်ရသွားလို့ တရားစွဲဆို နေတာပါ ရှိတယ်။ တိုင်ရင်လဲ လာစစ်ဆေးမပေးဘူး။ ကန့်ကွက်နိုင်ကြောင်း ကြေညာစာကို ရပ်ကွက်ရုံးမှာ နောက်ဆုံးရက်လောက်မှ ဘယ်သူမှ မသိအောင် ကပ်တဲ့ရွာတွေလဲ ရှိတယ်။ တစ်ရွာလုံးက ပိုင်ရှင်ပါလို့ ထောက်ခံတာတောင် အုပ်ချုပ်ရေးမှူးက သူနဲ့အဆင်ပြေတဲ့သူကို ပိုင်ဆိုင်ခွင့် ပေးတာမျိုးလဲ ရှိတယ်" ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ တိုင်းလယ်ယာမြေ တာဝန်ခံ ဦးစောထွန်းက ပြောကြားသည်။

လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးရာတွင် ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး၊ လျှောက်ထားမှုအပေါ် ကန့်ကွက်လိုသူများ အနေဖြင့် ကန့်ကွက်နိုင်ကြောင်း သက်ဆိုင်ရာကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် ကြေညာစာ ကပ်ထားရမည်ဖြစ်ကြောင်း၊ ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်နိုင်ကြောင်း၊ လယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားမှု ဖြစ်ပေါ်ပါက လယ်ယာမြေ နည်းဥပဒေ အခန်း ၂ နည်းဥပဒေ (၇) (၈) (၉)တို့အရ စိစစ်ဆောင်ရွက် ပေးရမည် ဖြစ်သည်။

Eleven Media Group

မြောင်းမြခရိုင် အတွင်းရှိ လယ်ယာမြေ စိုက်ပျိုးရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

0 comments:

Post a Comment