4.9.13

ကြိုဆိုမှာလား ငြင်းပယ်မှာလား


၂၀၁၃ ခုနှစ်၊ သြဂုတ်လ(၂၈)
ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်တွင်းပုဂ္ဂလိက လေကြောင်းလိုင်း Asian Wings Airway (AWA) နှင့် ဂျပန်နိုင်ငံက နိုင်ငံတကာအဆင့်မီ လေကြောင်းလိုင်း All Nippon Airways (ANA) တို့ ဖက်စပ်လုပ်ကိုင်မည့်ကိစ္စနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲပြီးနောက်မှာ ဝေဖန်သံတချို့ ကြားလာရ ပါသည်။ တကယ်တော့ ဝေဖန်တာလွယ်ပါတယ်။ အကျိုးအပြစ် ခွဲခြမ်းစိတ်ဖြာပြီး ဝေဖန်ရင်တော့ ပိုကောင်း တာ အမှန်ပါ။ ဘယ်ကုမ္ပဏီဖြစ်ဖြစ် နိုင်ငံတော်က သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ မူဘောင်တွေကို ချိုးဖောက်ကျော်လွှားပြီး လုပ်ချင်တိုင်း လုပ်လို့ မရပါဘူး။ AWA နှင့် ANA တို့ အခုလိုမျိုး ဖက်စပ်လုပ်ကိုင်ဖို့ လုပ်ဆောင်ကြရာမှာလဲ ပြဌာန်းထားတဲ့ မူဝါဒတွေအတိုင်း လုပ်ကြမှာပဲဆိုတာ ဘေးလူဖြစ်တဲ့ ကျွန်တော်တို့ မေးစရာမလိုဘဲ သိနေပါတယ်။ ခုလို ပြည်ပကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့် မပြုမှီ မှာကိုဘဲ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တာဝန်ရှိပုဂ္ဂိုလ်များက မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း များအားလုံးမှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံပြီး ၄င်းတို့လေကြောင်းလိုင်းများ၏ သဘောထားများကို ရယူခဲ့တယ် ဆိုတာ အားလုံးအသိပါဘဲ။ အားလုံးက သဘောတူလို့ ခုလိုအခြေအနေ ရောက်ရတာပါ။


သက်ဆိုင်ရာဝန်ကြီးဌာနကလည်း AWA နှင့် ANA လိုမျိုး နိုင်ငံတကာလေကြောင်းလိုင်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်တာနဲ့ ကိုယ့်မြန်မာနိုင်ငံအတွက် နိုင်ငံတကာအဆင့်အတန်းရှိတဲ့ လေကြောင်းဆိုင်ရာ နည်းပညာတွေရမယ်၊ ကိုယ့်နိုင်ငံသားကိုပဲဖြစ်ဖြစ်၊ နိုင်ငံခြားသား ခရီးသွားတွေကိုပဲဖြစ်ဖြစ် နိုင်ငံတကာ အဆင့်နဲ့ညီတဲ့ ၀န်ဆောင်မှုတွေ ပေးနိုင်မယ်၊ ကိုယ့်နိုင်ငံရဲ့ လေကြောင်းစီးပွားရေးကဏ္ဍ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်မယ်၊ နည်းပညာတိုးတက်လာတာနဲ့အမျှ ခရီးသွားပြည်သူတွေရဲ့ SAFETY ပိုင်းဆိုင်ရာ ပိုမို ကောင်းမွန်လာမယ်၊ ကိုယ့်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေကို အထောက်အကူ ပေးနိုင် မယ် စသဖြင့် အများကြီး အမြတ်ရစရာတွေရှိတယ် ဆိုတာကို သဘောပေါက်တယ်။ အနိမ့်ဆုံး အဆင့် ကတော့ ကိုယ့်နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလန်းတွေ အများကြီးရလာမှာပါ။ ဒါကြောင့် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များက နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားကို မျှော်မှန်းပြီး ခုလိုမျိုး Asian Wings Airway နဲ့ All Nippon Airways တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လက်ကမ်းကြိုဆိုခဲ့တာပါ။


AWA နှင့် ANA တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပြည်တွင်းလေကြောင်းလိုင်းတစ်ခုအနေနဲ့ နိုင်ငံတကာ အဆင့်မီ ပြည်ပလေကြောင်းလိုင်းတစ်ခုတို့ ပထမဆုံးအကြိမ်ပူးပေါင်း ဆောင်ရွက်မှုပါ။ ဒီလိုအကျိုးများလှတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုင်းပြည်ကိုချစ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကြိုဆိုရမှာသာဖြစ်ပါတယ်။ ခုတော့ အမနာပ ဝေဖန်သူတွေကို သက်ဆိုင်ရာ ကာယကံရှင်တွေကိုယ်စား “ ကြိုဆိုမှာလား ငြင်းပယ်မှာလား” လို့ မေးရမလိုဖြစ်နေပါပြီဗျာ………………………………….။။။။။။


( တိုင်းပြည်ကိုချစ်သော မောင်စေတနာရှင် )

Credit: တွေးမယ် ရေးမယ်

0 comments:

Post a Comment