4.9.13

ရုပ်သံလွင့်ခ ပိုရတော့မည့်အတွက် အပြောင်းအရွှေ့စရိတ် စံချိန်သစ်တင်လိုက်သည့် ပရီးမီးယားလိဂ်

ဘဏ္ဍာရေးတွက်ချက်မှုများတွင် အထင်ကရဖြစ်သည့် ဗြိတိန်ကုမ္ပဏီ ဒယ်လွိုက်တီမှာ ယခုအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်
အသင်းများ၏ အပြောင်းအရွှေ့ အသုံးစရိတ်ကို စာရင်းပြုစုခဲ့ရာ ၂၀၀၈ခုနှစ်က စံချိန်တင်ခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလ အသုံးစရိတ်ထက် ပေါင်သန်း ၁၃၀ပိုမိုများပြားခဲ့ပြီး ယမန်နှစ် နွေရာသီ အပြောင်းအရွှေ့ ကာလထက် ၂၉ရာခိုင်နှုန်း ပိုမိုသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း

ထုတ်ပြန်လိုက်သည်။ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ် အသင်းများ၏ စုစုပေါင်း အသုံးစရိတ်မှာ ပေါင်သန်း ၆၃၀ အထိ ရှိခဲ့သောကြောင့် ၂၀၀၈ခုနှစ်က စံချိန်တင်ခဲ့သည့် အပြောင်းအရွှေ့စရိတ်ထက် ပေါင်သန်း ၁၃၀ ပိုများခဲ့ခြင်းဖြစ်ပြီး အပြောင်းအရွှေ့ အသုံးစရိတ် ပိုများလာရခြင်းမှာ ရုပ်သံလွှင့်ခပိုမို ရရှိခြင်းကြောင့်ဟု ဒယ်လွိုက်တီကုမ္ပဏီ အကြံပေးပုဂ္ဂိုလ် အဲလက်စ်သော့က ရှင်းပြခဲ့သည်။

“ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ကတော့ စံချိန်သစ်တွေချည်းပါပဲ။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတင် မဟုတ်ဘဲ ပရီးမီးယားလိဂ်ကလည်း စံချိန်တင် အပြောင်းအရွှေ့ သုံးစွဲမှုဖြစ်ခဲ့ပါတယ်။ ဒီနှစ်ဟာ ပရီးမီးယားလိဂ် အသင်းတွေအနေနဲ့ ရုပ်သံထုတ်လွှင့်မှု စာချုပ်သစ်ကြောင့် အကျိုးအမြတ်ပိုရမယ့် ပထမဆုံးနှစ်ဖြစ်ပြီး ဒီရာသီထဲအတွက် ပိုရလာမယ့် ပေါင်သန်း ၆၀၀ကို ပရီးမီးယားလိဂ် အသင်းတွေ ခွဲဝေယူရမှာပါ။ အဲဒီအတွက် ပရီးမီးယားလိဂ်နဲ့ ကျန်လိဂ်ပြိုင်ပွဲတွေကြား အသုံးစရိတ် ကွာဟချက်တော်တော်ကြီးမားခဲ့တာပါပဲ”ဟု အဲလက်စ်သော့က ဆိုခဲ့သည်။

ပရီးမီးယားလိဂ်မှာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူမှုအတွက် ယူရို ၇၆၂.၇သန်း သုံးစွဲခဲ့ပြီး ကစားသမားရောင်းချရာမှ ယူရို ၂၇၅.၄သန်း ပြန်ရခဲ့သောကြောင့် ယူရို ၄၈၇.၃သန်း အရှုံးပေါ်ခဲ့ပြီး လာလီဂါမှာ နွေရာသီအပြောင်းအရွှေ့ကာလတွင် ယူရို ၁၀၂.၆သန်း၊ စီးရီးအေမှာ ယူရို ၃.၁သန်း အမြတ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ပရီးမီးယားလိဂ် အသင်းများမှာ ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ပေါင်သန်း ၁၂၀ သုံးစွဲခဲ့သောကြောင့် ယခုနှစ်အတွင်း စုစုပေါင်း အပြောင်းအရွှေ့စရိတ် ပေါင် သန်း ၇၅၀ထိ ရှိခဲ့ပြီး ၁၀နှစ်တာ ကာလအတွင်း အများဆုံးအသုံးစရိတ်ဖြစ်လာခဲ့သည်။

http://yoyarlay.com/sport/football/37641-2013-09-03-17-42-47
ဇော်ထွန်း(ရိုးရာလေး)

0 comments:

Post a Comment