20.10.13

ယဉ်ကျေးမှု ပြတိုက်များတွင် 3D Mapping နှင့် Lighting စနစ် အသုံးပြုထားသောပြခန်းများ တည်ဆောက်ရန်စီစဉ်

ရန်ကုန်နှင့် ပုဂံတို့ရှိ ယဉ်ကျေးမှုပြ တိုက်အချို့တွင် 3D Mapping နှင့် 3D Lighting စနစ်
အသုံးပြု ပြခန်းများ တည်ဆောက်ရန် စတင် စီစဉ်လျှက်ရှိကြောင်း သိရသည်။

3D Mapping နှင့် 3D Lighting စနစ်တို့မှာ ပြည်တွင်း၌ အသုံးပြုမှု နည်းပါးနေသေးပြီး ဒစ်ဂျစ်တယ် အလင်းရောင်များဖြင့် အစစ်အမှန်ကဲ့သို့ ပုံရိပ်များကို ရုပ်လုံးကြွစွာ ပုံဖော်ပြသပေးကြောင်း သိရသည်။ နေကြယ်ဦး ကုမ္ပဏီအနေဖြင့် ယင်းနည်းပညာများဖြင့် ၀န်ဆောင်မှုပေးနိုင်ရန် စင်ကာပူနိုင်ငံမှ Simulation Systems များကို ၀န်ဆောင်မှုပေးသော ST အီလက်ထရွန်နစ် ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်က အမျိုးသားပြတိုက်နဲ့ ပုဂံက ယဉ်ကျေးမှု ပြတိုက်တွေမှာ ပြခန်းတစ်ခန်းစီ ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ ဒီနည်းပညာတွေကို အသုံးပြုပြီး ယဉ်ကျေးမှု ပြတိုက်တွေမှာ ယဉ်ကျေးမှု သမိုင်းတွေကို ကြည့်ရှုနိုင်အောင် ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ LED Lighting တွေနဲ့ ပုံဖော်ပြသနိုင်မှာ ဖြစ်ပြီး ယဉ်ကျေးမှု သမိုင်းဆိုင်ရာ ဗီဒီယိုပြကွက်တွေလည်း ပါဝင်နိုင်ပါတယ်။ အဲဒါအပြင် ပညာရေး ကဏ္ဍအနေနဲ့ စာသင်ကျောင်းတွေမှာ စာကို အလွတ်ကျက်နေတာမျိုး မဟုတ်ဘဲ ရုပ်ရှင်လိုမျိုး ကြည့်ရှုပြီး မှတ်မိနေအောင် ပြသ သင်ကြားပေးမယ့် စနစ်ကို ပြုလုပ်သွားဖို့လည်း ရှိပါတယ်။ စာသင်ကြားရေးအတွက် ဆော့ဖ်ဝဲတွေရှိပြီး ဂိမ်းပုံစံ၊ ရုပ်ရှင်ပုံစံတွေနဲ့ ဆွဲဆောင်မှုရှိရှိ သင်ကြားပေးနိုင်တဲ့ စနစ်တစ်ခုပါ။ ကျွန်တော်တို့ အနေနဲ့ ဒါတွေကို အခမဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု နေကြယ်ဦးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းနည်းပညာများမှာ ပြည်တွင်း၌ ထိတွေ့မှု နည်းနေသေးသောကြောင့် ၎င်းနည်းပညာ အသုံးပြုထားသော ယဉ်ကျေးမှု ပြခန်းများ ပြီးစီးပါက အများပြည်သူတို့ ၀င်ရောက်ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြပွဲများ ပြိုင်ပွဲများတွင် 3D Mapping နှင့် Lighting စနစ် အသုံးပြုလိုပါက ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group

0 comments:

Post a Comment