20.10.13

နောက်ကျချေပဂိုးကြောင့် အိမ်ကွင်းတွင် ဆောက်သမ်တန်နှင့် သရေကျခဲ့သည့် မန်ချက်စတာယူနိုက်တက်

အိုးထရတ်ဖို့ဒ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် မန်ချက်စတာယူနိုက်တက်နှင့် ဆောက်သမ်တန်
ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

န်ချက်စတာ ယူနိုက်တက်တွင် ဒီဂီယာ၊ အီဗရာ၊ အီဗန်စ်၊ ဂျုံးစ်၊ ရာဖေးလ်၊ ဖယ်လိုင်နီ၊ ကာရစ်၊ ဂျနူဇက်၊ နာနီ၊ ရွန်နီ၊ ဗန်ပါစီ တို့နှင့် ပွဲထွက်ခဲ့သည်။

ဆောက်သမ်တန် အသင်းတွင် ဘိုရပ်၊ ကလိုင်း၊ ဖွန်တီ၊ လိုဗရန်၊ ရှော၊ ရှနိုက်ဒါလင်၊ ဝါညာမာ၊ လယ်လာနာ၊ ဒါးဗီးစ်၊ ရိုဒရီဂွက်ဇ်၊ အော့စ်ဗယ်ဒို တို့ ပါဝင်ကစားခဲ့သည်။

ဆောက်သမ်တန်အသင်းသည် အိုးထရတ်ဖို့ဒ်တွင် လာရောက်ကစားရသည် ဖြစ်သော်လည်း ယူနိုက်တက်နှင့် အပြန်အလှန် ကစားသွားနိုင်ခဲ့သည်။ ပွဲချိန် ၂၅ မိနစ်တွင် ဆောက်သမ်တန်က အော့စ်ဗယ်ဒို အခွင့်အရေး ရရှိခဲ့သော်လည်း ဒီဂီယာက အလွယ်တကူပင် ကာကွယ်သွားနိုင်ခဲ့သည်။ ချက်ချင်းပင် ယူနိုက်တက်က တိုက်စင်ဆင်မှု ပြုလုပ်ခဲ့ပြီး ၂၆ မိနစ်တွင် ယူနိုက်တက်က ဦးဆောင်ဂိုး ရရှိသွားသည်။ ဂျနူဇက်၏ သေသပ်လှပစွာ ပေးပို့မှုမှတစ်ဆင့် ရွန်နီ ကန်သွင်းသည်ကို ဂိုးသမား ဘိုရပ် ကာကွယ်နိုင်ခဲ့သော်လည်း ပြန်ကန်ထွက်လာသည့် ဘောလုံးကို ဗန်ပါစီ ရရှိသွားပြီး ကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ၂၈ မိနစ်တွင် ယူနိုက်တက်က နောက်ထပ်တစ်ကြိမ် အခွင့်အရေးရရှိခဲ့သည်။ နာနီ ပေးပို့သည့် ဘောလုံးကို ရွန်နီ ကန်သွင်းရာ ကံမကောင်းစွာနှင့်ပင် ဂိုးတိုင်ထိထွက်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ယူနိုက်တက်က ဂိုးသွင်းခွင့်များ ရရှိခဲ့သည်။ ၆၆ မိနစ်တွင် ရွန်နီ ပေးပို့လိုက်သည့် ဘောလုံးကို ဗန်ပါစီ ခေါင်းတိုက်သွင်းသော်လည်း တိုင်ထိထွက်ခဲ့သည်။ ၆၈ မိနစ်တွင်လည်း နာနီနှင့် ဂျနူဇက်၏ တွဲလုံးမှ ဂျနူဇက် ကန်သွင်းသည့် ဘောလုံးကို ဘိုရပ် ကာကွယ်သွားနိုင်ခဲ့သည်။ ၈၉ မိနစ်တွင် ဧည့်သည်အသင်းမှ လယ်လာနာက ချေပဂိုး သွင်းယူသွားခဲ့ပြီး ပွဲအပြီးတွင် အိမ်ရှင်အသင်းက ဆောက်သမ်တန် အသင်းကို သရေတစ်မှတ် ခွဲဝေပေးခဲ့ရသည်။

Soccer Myanmar

0 comments:

Post a Comment