7.10.13

ယာလာပြည်နယ်၌ လမ်းဘေးထောင် ဗုံးပေါက်ကွဲ ထိုင်းစစ်ဘက် တပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်း ယာလာပြည်နယ် မြောင်ခရိုင်၌ အောက်တိုဘာ ၆ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ခန့်က ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားခဲ့ပြီး ထိုင်းတပ်ဖွဲ့ဝင်သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
အမှတ် (၄၁၈) အမြန်လမ်းမတစ်
 လျှောက်မောင်းနှင်လာသော ယာလာပြည်နယ် အမှတ် (၁၃) အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စစ်ယာဉ်သုံးစီးသည် တံတားတစ်စင်း ကို ဖြတ်သန်းစဉ် လမ်းဘေးထောင် ဗုံးတစ်လုံးကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းလမ်းဘေးထောင်ဗုံးကို ၇ ကီလိုဂရမ် အလေးချိန်ရှိသော ဓာတ်ငွေ့အိုးကို အသုံးပြု၍ ပြုလုပ်ထားပြီး လမ်းဘေးရှိ ဓာတ်မြေသြဇာအိတ်များ အတွင်း လျှို့ဝှက်ထားရှိ၍ ဆက်သွယ်ရေးစက်ဖြင့် ချိတ်ဆက်ပြီး စစ်သွေးကြွများက အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းဖောက်ခွဲမှုတွင် စစ်သုံးထရပ် ကားတစ်စီးကို ထိမှန်ခဲ့၍ စစ်သည် သုံးဦး ဒဏ်ရာရရှိခဲ့ပြီး လမ်းမပေါ်၌ အချင်း ၁ မီတာ၊ အနက် ၃ဝ စင်တီ မီတာခန့်ရှိသည့် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ် ပျက်စီးခဲ့ကြောင်းနှင့် ဒဏ်ရာရရှိခဲ့သော တပ်ဖွဲ့ဝင် သုံးဦးကို ယာလာဆေးရုံသို့ ပို့ဆောင် ကုသထားကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment