7.10.13

ကျောင်းကုန်းဖြစ်စဉ်ပြီးနောက် ပဋိပက္ခလုပ်ဆောင်သူများအား ပြင်းထန်စွာအရေးယူမည်ဟု သတိပေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန်အတွက် ရဲတပ်ဖွဲ့ဝင်များအား လုံခြုံရေး အထူးတင်းကြပ်ရန် ညွှန်ကြားထားကြောင်းနှင့်ပဋ္ဋိပက္ခဖြစ်ပွားစေရန် လုပ်ဆောင်သူများအား ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံုးမှ သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်အချို့၌ ယခုရက်ပိုင်းများတွင် ရာဇ၀တ်မှုခင်းအချို့မှ အစပြု၍ စုရုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုလ(၅)ရက်နေ့ ညပိုင်းက ကျောင်းကုန်းမြို့၌ မုဒိမ်းမှုဖြစ်ပွားခဲ့ရာ မကျေနပ်သည့် မြို့ခံ အချို့မှ အိမ်ငါးလုံးနှင့် ဇရပ်တစ်ခုအား မီးရှို့ဖျက်ဆီးခဲ့မှု ဖြစ်ပွားပြီးနောက် တိုင်းဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအား တပ်လှန့်ထားပြီး ဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားအောင်ပြုလုပ်သူများကို ပြင်းထန်းစွာအရေးယူမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံုးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုသည်။
“တိုင်းရဲမင်းကြီးကလည်း မြို့ထဲမှာ မီးရှို့တာတို့ လုယက်တာတို့ကို လုံးဝလက်ခံမှာ မဟုတ်တဲ့အကြောင်း ညွှန်ကြား ထားပါတယ်၊ ကျောင်းကုန်းမှာကတော့ တည်ငြိမ်နေပါပြီ၊ နောက်ထပ်ဘယ်မြို့နယ်မှာပဲ ဖြစ်ဖြစ် ပဋိပက္ခဖြစ်ပွားအောင် စတင်ပြုလုပ်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူဖို့ကိုလည်း ညွှန်ကြားထားပါတယ်”ဟု ရဲအရာရှိက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းကုန်းမြို့၌ဖြစ်ပွားခဲ့သောဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူအား ချက်ချင်းဖမ်းဆီးကာ ပုသိမ်ထောင်သို့ ပို့ဆောင်ခဲ့ပြီး လူအုပ်စု များမှ ကျောင်းကုန်းမြို့မ ဗလီအနီးရှိနေအိမ်များကို ၀န်းရံထားစဉ် လူစုအားဒဏ္ခိရာမ ကျောင်းတိုက် ဆရာတော် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ မြို့နယ်ဆရာဝန်ကြီး၊ ကန်ဦး လူငယ်ပရဟိတအဖွဲ့နှင့် ရပ်မိရပ်ဖများက ၀ိုင်းဝန်းမေတ္တာ ရပ်ခံထိန်းသိမ်းပေးခဲ့ပြီး ပုသိမ်ြမို့မှရဲတပ်ဖွဲ့အင်အား (၂၀၀)ခန့်ပါရှိသော လုံထိန်းရဲကား(၅)စီးရောက်ရှိလာကာ မြို့ခံရဲတပ်ဖွဲ့နှင့် အတူပူးပေါင်း၍ လူစုခွဲခဲ့ရသည်ဟု ကျောင်းကုန်းမြို့အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ဆိုသည်။

အောက်တိုဘာလ(၅)ရက်နေ့ညပိုင်းက ကျောင်းကုန်းမြို့အမှတ်(၂)ရပ်ကွက်တွင်အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား အဓမ္မပြုကျင့်ခံရသည်ကို မကျေနပ်သည့် ဒေသခံများမှာ တရားလိုသားအမိကို ရဲစခန်း၌ စစ်ဆေးမေးမြန်းနေစဉ် ရောက်ရှိလာကာ တရားခံအား ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် တရားခံ၏နေအိမ်ကို ဖြိုဖျက်ခဲ့သလို အခြားအိမ်(၁)လုံးကို ဖြိုချဖျက်ဆီးခံခဲ့ရသည်ဟု သိရှိရသည်။

“ဖြစ်တဲ့အချိန်က ည ၉ နာရီကနေ ၁၀ နာရီခွဲ ဝန်းကျင်ဖြစ်ပါတယ်၊ ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထား ပါတယ်၊ ည ၁၁ နာရီခွဲကျော်မှာ ဖုန်းလိုင်းပြန်ပွင့်လာပြီး ပုသိမ်မြို့နယ်က စွန်ပါရွာ၊ ကိုင်းတာရွာ၊ ကျည်းတောရွာ၊ မိုးမခရွာ တွေက လူစုပြီး တက်လာကြပါတယ်၊ ကျောင်းကုန်းက(၂)ရပ်ကွက် အောင်ဆန်းကွက်သစ်နဲ့ သစ်ဆိမ့်ကုန်း ကျေးရွာက လူတွေလည်း ပါဝင်လာတာကြောင့် လူအုပ်စုက တဖြည်းဖြည်းများသွား တာပါ”ဟု ကျောင်းကုန်းမြို့ အမှတ်(၂)ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။
မုဒိမ်းမှုစတင်ကျူးလွန်ခဲ့သူအား ကျောင်းကုန်းမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ၃၇၆ ဖြင့်ဖမ်းဆီးထားပြီး အဆောက်အဦများ လိုက်လံ ဖျက်ဆီးရာ၌ ပါဝင်သူခြောက်ဦးကိုလည်း ဖမ်းဆီးထားသည်ဟု ကျောင်းကုန်းမြို့ခံအချို့က ဆိုသည်။

''နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးစနစ်ကောင်းပြီး၊ အဲဒီစနစ်အတိုင်းအားလုံးကျင်ကြံဖို့သာ အဓိကပါ၊ ဒီအချိန်မှာ အားလုံးက အသိ တရားတွေ လက်ကိုင်ထားပြီး နိုင်ငံရေးဗဟုသုတရှိရှိ နေထိုင်ဖို့ကအရေးအကြီးဆုံးပါ”ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။ ကျောင်းကုန်းမြို့ပေါ်ရှိ အိမ်ထောင်စု (၁၇၃)စုနှင့် ဗလီအဆောက်အဦးနှစ်လုံးကို လုံခြုံရေးတင်းကြပ်စွာချထားသည်ဟု မြို့ခံများ ထံမှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၏မြို့တော်ပုသိမ်မြို့၌လည်း သာမာန်လူမှုရေးပြဿနာများမှတဆင့် ပဋိပက္ခအသွင်ဆောင်စေမည့် ပြဿနာများမကြာခဏဖြစ်ပွားနေကြောင်းနှင့် အလားတူ ပန်းတနော်မြို့နှင့် ရေကြည်မြို့နယ်များတွင်လည်း အလားတူဖြစ်ရပ် များဖြစ်ပွားနေသည့်အပေါ်တွင် ယခုကဲ့သို့ ပဋိပက္ခများဖြစ်ပွားအောင် လုပ်ဆောင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု သတိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Myit Ma Kha Media Group

http://www.myanmaronlinenews.net/2013/10/blog-post_8637.html

0 comments:

Post a Comment