9.10.13

မိမိကို အငှား ချခဲ့ခြင်းသည် အမှား တစ်ခုဟု မော်ရင်ဟိုကို သက်သေပြလိုကြောင်း လူကာကူ ဖွင့်ဟ

မိမိကို အငှား ထွက်ခွာခွင့် ပေးခဲ့ခြင်းမှာ မှားယွင်းကြောင်း ချယ်လ်ဆီးမန်နေဂျာ ဟိုဆေး မော်ရင်ဟိုကို သက်သေပြသွားမည်ဟု ရိုမီလူ လူကာကူက ပြောကြားလိုက်သည်။
မော်ရင်ဟိုသည် ဘယ်လ်ဂျီယံ လူငယ် တိုက်စစ်မှူးလေး လူကာကူကို အတွေ့အကြုံပိုင်း မလုံလောက်သေးဟု ယူဆကာ အဲဗာတန် အသင်းသို့ အငှားစေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ လတ်တလောတွင် ချယ်လ်ဆီး တိုက်စစ်မှူး (၃)ဦးစလုံး ပရီးမီးယားလိဂ်တွင် ဂိုးမသွင်းနိုင်သေးသော်လည်း လူကာကူကမူ အဲဗာတန်တွင် (၃)ပွဲကစားကာ (၄)ဂိုး ရရှိထားပြီး ဖြစ်သည်။ လူကာကူသည် ပြီးခဲ့သည့် ရာသီက ဝက်စ်ဘရွန်းဝစ်ခ်ျတွင် အငှားကစားပြီး အောင်မြင်စွာ ခြေစွမ်းပြနိုင်ခဲ့သည့်တိုင် ၎င်းကို မော်ရင်ဟိုက ထပ်မံ အငှားချခဲ့ခြင်း ဖြစ်သည်။

အဲဗာတန်တွင် လူကာကူ (၃)ပွဲဆက် ဂိုးသွင်းပြီးသော်လည်း ချယ်လ်ဆီး၏ ဖာနန်ဒိုတောရက်စ်၊ ဆမ်မြူရယ်လ် အီတူးနှင့် ဒမ်ဘာဘားတို့မှာ ဂိုးမိုးခေါင်နေဆဲ ဖြစ်သည်။ လူကာကူက "မန်နေဂျာရဲ့ ဆုံးဖြတ်ချက်အပေါ် ကျွန်တော် ဘာမှ စောဒက တက်လို့ မရပါဘူး။ ကစားသမား တစ်ယောက် အနေနဲ့ ဒါကို လေးစား လိုက်နာရုံပဲလေ။ ခုအခြေအနေကတော့ ကျွန်တော့်အပေါ် မူတည်သွားပြီ။ မန်နေဂျာ မှားခဲ့တယ် ဆိုတာကို ကျွန်တော် သက်သေပြပါမယ်။ ကျွန်တော် အငှားထွက် ကစားရတာ (၂)နှစ်ဆက်တိုက် ရှိလာပါပြီ။ ဒါဘာကြောင့်လဲဆိုတာ ကျွန်တော့်အတွက် မေးခွန်း တစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအခြေအနေကိုက ဘဝပဲလေ။ ခုချိန်မှာ ကျွန်တော် လုပ်နိုင်တာ ကောင်းကောင်းကစားပြီး ဂိုးတွေ ရသလောက် သွင်းနေဖို့ပါပဲ။ ဒါမှ ကျွန်တော့် ရပ်တည်မှုကို လူတွေ သဘောပေါက် သတိပြုမိလာမှာပါ"ဟု ပြောဆိုခဲ့သည်။

၎င်းက ပရော်ဖက်ရှင်နယ် ခံယူချက်အရ အဲဗာတန်ကို ချယ်လ်ဆီးထက် ပိုသာအောင် ကြိုးစားပေးမည်သာ ဖြစ်ကြောင်းလည်း ဆိုသည်။ "ကျွန်တော့် ဂိုးတွေက ချယ်လ်ဆီးထက် အဲဗာတန် ပိုပြီး အဆင့်မြင့်မြင့် ရပ်တည်နိုင်အောင် အထောက်အကူ ဖြစ်ပါစေလို့ မျှော်လင့်တယ်။ ကျွန်တော် အစွမ်းကုန်လည်း ကြိုးစားမှာပါ။ လောလောဆယ် ကျွန်တော်က အဲဗာတန် ကစားသမားလေ။ ချယ်လ်ဆီးမှာ မော်ရင်ဟိုရော၊ ကျွန်တော်ပါ အချိန်အကြာကြီး ဆက်ရှိနေဖို့တော့ မျှော်လင့်မိတယ်။ ချယ်လ်ဆီးအတွက် အကောင်းဆုံးကို ကျွန်တော် လိုလားပါတယ်။ မော်ရင်ဟိုဆိုတာ ထူးချွန်တဲ့ မန်နေဂျာ တစ်ယောက်မှန်း ကျွန်တော် သဘောပေါက်ပါတယ်"ဟုလည်း လူကာကူက ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment