9.10.13

ဝက်မှေးဒေသခံ ၁၅၀၀ ခန့် ဆန္ဒထုတ်ဖော်ခွင့်ရရှိ

လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရပြီးသည့်နောက် ဆန္ဒထုတ်ဖော်မှု များတွင် ပါဝင်ခဲ့ခြင်းမရှိသော ဝက်မှေးရွာဟောင်းမှ

၏ ဒေသခံများသည် အောက်တိုဘာ ၁၀ ရက်နေ့တွင် လူအင်အား ၁၅၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခွင့် ရရှိခဲ့ကြောင်း ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားခဲ့သည့် ဝက်မှေးရွာခံ ဦးအောင်ဇော်ဦးက ပြောကြားသည်။

အောက်တိုဘာလ ၃ ရက်နေ့က ဆားလင်းကြီးမြို့နယ် ရဲစခန်းသို့ ဝက်မှေးရွာမှ ဝမ်ပေါင်ကုမ္ပဏီရုံး အထိ စီတန်းလှည့်လည်ရန် စာတင်ခဲ့သော်လည်း ခွင့်ပြုချက်တွင် ဝက်မှေးရွာမှ ရန်မျိုးအောင်စေတီ အထိသာ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်မှုတွင် ဝက်မှေးရွာဟောင်းမှ ဒေသခံများနှင့် ရွာအနီးဝန်းကျင်မှ ကြေးနီစီမံကိန်း ဒေသခံများ ပါဝင်မည်ဖြစ်ကြောင်း လက်ပံတောင်းတောင် အရေးတက်ကြွစွာ လှုပ်ရှားခဲ့သူ မသွဲ့သွဲ့ဝင်းက ဆိုသည်။

"ဆန္ဒထုတ်ဖော်မယ့်ရက်က အောက်တိုဘာလ ၁၀ ရက်နေ့ပါ။ အချိန်က ကျွန်တော်တို့ တောင်းတာက မနက် ၈ နာရီ ကနေ ညနေ ၅ နာရီအထိ ဆန္ဒထုတ်ဖော်ခွင့် တောင်းတာပါ။ ခွင့်ပြုတာက ၁၀ နာရီ ကနေ ၁၂ နာရီ အထိပဲ ခွင့်ပြုတော့အချိန်ကို ထပ်တိုးတောင်းဖို့ စာတင်ဖို့ လုပ်နေ ပါတယ်" ဟု ဦးအောင်ဇော်ဦးက ဆက်လက်ပြောကြားသည်။

ကြွေးကြော်မည့် အချက်များမှာ တောင်သူလယ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေး၊ လယ်ယာမြေ လျော်ကြေး တိုးမြှင့်သတ်မှတ်ပေးရေး၊ မြေယာလျော်ကြေး ရယူထားခြင်း မရှိသော လယ်ယာမြေများ ပေါ်တွင် အဆောက်အအုံများ မဆောက်လုပ်ရေး၊ လယ်ယာမြေ အငြင်းပွားမှု
ဖြေရှင်းမပြီးမချင်း စီမံကိန်း ရပ်ဆိုင်းထားရေး၊ မီးလောင်ဗုံး တရားခံ အမြန်ဆုံး ဖော်ထုတ်ပေးရေး စသည့် အချက်ငါးချက်အား ကြွေးကြော်သွားမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားခဲ့သည့် ဒေသခံတစ်ဦးက ဆိုသည်။

ဝက်မှေးရွာဟောင်းမှ ဒေသခံများ သည် ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ဝမ်ပေါင်ကုမ္ပဏီ ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှု စတင်ခဲ့ပြီး နိုဝင်ဘာလ အတွင်းတွင် သံဃာတော်များ နှင့်အတူ သပိတ်စခန်း များဖွင့်၍ ဆန္ဒထုတ်ဖော် ခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်မှု များတွင် ပါဝင်ခဲ့ခြင်း မရှိခဲ့ဘဲ ယခုမှပြန်လည်၍ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment