11.2.14

နာဂဒေသဖွံ့ဖြိုးရေး အမေရိကန်ဒေါ်လာ ၂၅ သန်း အိန္ဒိယထောက်ပံ့မည်



မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာမည့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နာဂပြည်နယ် ဝန်ကြီးချုပ် Neiphiu Rio က မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ငါးရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ရောက်ရှိခဲ့သော အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ် ဝန်ကြီးချုပ် Neiphiu Rio က မြန်မာ အစိုးရ အရာရှိများနှင့် တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ အကြံပေးအရာရှိ Abu Metha က သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယ ဝန်ကြီးချုပ်သည် ၎င်း၏ ခရီးစဉ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး အထူးသဖြင့် နာဂဒေသ ဖွံ့ဖြိုးရေးအတွက် ယင်းသို့ ထောက်ပံ့ခြင်း ဖြစ်ပြီး ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေမှာ နောက် ၅ နှစ် အတွက် အကျုံးဝင်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစလုံးတွင် တည်ရှိနေသည့် နာဂတောင်တန်း ဒေသများသည် အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများကို ချိတ်ဆက်ပေးမည့် အချက်အချာ ကျသောဒေသ ဖြစ်သောကြောင့် နာဂဒေသများ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးအတွက် အိန္ဒိယအစိုးရက အထောက်အပံ့များ၊ အကူအညီများ ပေးအပ်နေခြင်း ဖြစ်သည်ဟု Mr. Rio က ပြောကြာခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသများ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများ၊ ယဉ်ကျေးမှု ဖလှယ်ခြင်းများ ပိုမိုမြှင့်တင်ရန် အတွက်လည်း လိုလားကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ လာမည့် မတ်လအတွင်း လာရောက်မည် ဖြစ်ပြီး ၎င်း၏ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် လူ့စွမ်းအားအရင်း မြစ်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် အထောက်အပံ့များ ပေးအပ်ရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ်က ထပ်လောင်း ပြောကြားထားသည်။

အိန္ဒိယနိုင်ငံရှိ နာဂလန်း ပြည်နယ်ဝန်ကြီးချုပ် Neiphiu Rio က မြန်မာအစိုးရ အရာရှိများနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်မြှင့်တင်ရန် အထူးလိုအပ်ကြောင်း၊ နာဂဒေသ ဖွံ့ဖြိုးမှသာလျှင် ယင်းဒေသတွင် နေထိုင်ကြသည့် နာဂမျိုးနွယ်စုများ ကြုံတွေ့ခံစားနေရသည့် ဆင်းရဲဒုက္ခများကို ကျော်လွှားနိုင်မည် ဖြစ်သောကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ မဖြစ်မနေ ဆောင်ရွက်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံရှိ နာဂလန်းပြည်နယ် ဝန်ကြီးချုပ် Neiphiu Rio သည် ၎င်း၏ ခရီးစဉ်အတွင်း နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်များ၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

နာဂ တောင်တန်းဒေသသည် အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ အကြားတွင် တည်ရှိနေပြီး ယင်းဒေသကို နှစ်နိုင်ငံစလုံး ပိုင်ဆိုင်နေသည့်အတွက် ယင်းဒေသများ ဖွံ့ဖြိုးရေးအတွက် နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယနိုင်ငံ နာဂပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က မြန်မာအစိုးရနှင့် လာရောက် ဆွေးနွေးခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဘက်တွင်ရှိသော နာဂ မျိုးနွယ်စုများသည် ယခင်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ တည်ရှိခဲ့သော်လည်း ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ပြောင်းလဲ ရပ်တည်ခဲ့သည်။

အိန္ဒိယ - မြန်မာ နှစ်နိုင်ငံစလုံးတွင် ရှိသော စုစုပေါင်း နာဂမျိုးနွယ်စု ၆၆ ခု ရှိကြောင်း အိန္ဒိယအစိုးရ သန်းခေါင်စာရင်း ကောက်ခံရေးဆိုင်ရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

0 comments:

Post a Comment