11.2.14

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် အကောက်ခွန်မဲ့ပစ္စည်း သိမ်းဆည်းရမိမှုမှ ကျပ် ၁၀ ဘီလျံခွဲကျော်ရရှိ



၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်အထိ နယ်စပ်ကုန်သွယ်မှုတွင် တရားမ၀င် ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ခန့်မှန်းတန်ဖိုး ကျပ် ၁၀ ဘီလျံခွဲကျော်ရှိ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

ကုန်သွယ်မှုပမာဏ တစ်ခုလုံး၏ ရာခိုင်နှုန်း ၂၀ ဖြစ်သည့် နယ်စပ်ကုန်သွယ်မှုတွင် တရားမ၀င် ကုန်သွယ်မှု၏ တရားမ၀င် ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်အထိ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရရှိမှု ခန့်မှန်းတန်ဖိုး ကျပ် ၁၀ ဒသမ ၅၈၈ ဘီလျံခန့်ရှိခဲ့ကြောင်း ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

ဖမ်းဆီးရမိသည့် တရားမ၀င် ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး လေလံတင် ရောင်းရငွေများကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေနှင့် ပြည်နယ်/တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတို့ကို ပေးသွင်းရကြောင်းနှင့် အရေးယူမှု အပိုင်းတွင်လည်း ပို့ကုန်သွင်းကုန် ဥပဒေအပြင် ပင်လယ်ရေကြောင်း အကောက်ခွန် ဥပဒေတို့နှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ကုန်သွယ်မှုပြုလုပ်သည့် ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် နေရာဒေသ အသီးသီးတွင် တရားမ၀င်ကုန်သွယ်မှု လုပ်ငန်းများကို စစ်ဆေးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူရန် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၉၇/၂၀၁၂)ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါကော်မတီသည် စားသုံးသူ/သုံးစွဲသူများကို ထိခိုက်စေသော ကိစ္စရပ်များကို ကာကွယ်ရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အရပ်ရပ် ကောက်ခံရရှိမှုနှင့် အခြားကိစ္စရပ်များ နစ်နာမှုမရှိစေရေး၊ တရားသောယှဉ်ပြိုင်ရောင်းချမှု ဖြစ်စေရေးတို့အတွက် စီမံချက် အဆင့်သုံးဆင့် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အဆင့်သုံးဆင့်တွင် အဆင့် (၁) အနေဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်း အနီးတစ်ဝိုက်တွင် စခန်းမှ ထုတ်နုတ်အင်အားဖြင့် ဖွဲ့စည်းထားသည့် Mobile Team အဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှု လမ်းကြောင်းများတစ်လျှောက်တွင် Mobile Team အဖွဲ့များကို ဗဟိုကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်းကာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ တာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။

0 comments:

Post a Comment