11.2.14

ဒေါက်တာ ဒေါ်ခင်စန်းရီကို ပညာရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် သမ္မတ သဝဏ်လွှာပို့


အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသော ဒေါက်တာ ဒေါ်ခင်စန်းရီကို လစ်လပ်လျက်ရှိသော ပညာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ သဝဏ်လွှာ ပေးပို့ထားကြောင်း လွှတ်တော် ကိုယ်စား လှယ်များထံမှ သိရှိရသည်။
ဒေါက်တာ ဒေါ်ခင်စန်းရီသည် ၁၉၈၇ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ်အထိ ဒေသ ကောလိပ်နည်းပြ တာဝန်မှစ၍ ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် တာဝန်ခံ ပါမောက္ခချုပ်အထိ အဆင့်ဆင့် တာဝန်ယူခဲ့ သူဖြစ်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

ဒေါက်တာ ဒေါ်ခင်စန်းရီကို ပညာရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရန် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာ ကံဇော်က ထောက်ခံထားကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

ဒေါက်တာ ဒေါ်ခင်စန်းရီကို ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ဖေဖော်ဝါရီ လ ၁၇ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆိုသည်။

ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေးသည် ဒီဇင်ဘာလအတွင်းတွင် ကွယ်လွန်ခဲ့သောကြောင့် ယင်းဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီး ရာထူးနေရာ လစ်လပ်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စု ဝန်ကြီးဌာနပေါင်း ၃၆ ခုရှိပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်မှာ တစ်ဦးတည်းသော အမျိုးသမီး ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။

ယင်းကြောင့် ဒေါက်တာ ဒေါ်ခင်စန်းရီသာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာပါက လက်ရှိ အစိုးရအဖွဲ့တွင် ဒုတိယမြောက် အမျိုးသမီး ပြည်ထောင်စုဝန်ကြီး ဖြစ်လာမည် ဖြစ်သည်။

0 comments:

Post a Comment