11.2.14

ဩစတြေးလျတွင် Toyota ၏ မော်တော်ယာဉ်ထုတ်လုပ်မှု ရပ်ဆိုင်းမည်


11-2-2014

ဩစတြေးလျ ဈေးကွက်အတွက် မော်တော်ကားသစ်များ တင်ပို့ရောင်းချနေမှုကို ရပ်ဆိုင်းတော့မည်ဟု Toyota ကုမ္ပဏီက ကြေညာခဲ့သည်။ ကမ္ဘာ့အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းစုကြီးက ဩစတြေးလျတွင် ယာဉ်အသစ်များ ထုတ်လုပ်မှုကို (၂၀၁၇)ခုနှစ်တွင် အပြီးသတ် ရပ်ဆိုင်းမည်ဟု
အတည်ပြုလိုက်ပြီးနောက် ထောင်ပေါင်းများစွာသော အလုပ်အကိုင် နေရာများ ထိခိုက်သက်ရောက် ခံစားရတော့မည် ဖြစ်သည်။ ယခုဆုံးဖြတ်ချက် ဖြစ်ပေါ်လာစေသည့် အဓိက အကြောင်းရင်းများမှ ဩစတြေးလျ ဈေးကွက်၌ အားပြိုင်မှု မြင့်တက်လာခြင်းနှင့် ဩစတြေးလျသုံး ငွေကြေးယူနစ် တန်ဖိုးမာနေခြင်းများကြောင့်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် အတွင်းက အမေရိကန် မော်တော်ကား ကုမ္ပဏီကြီး Fordက ဩစတြေးလျတွင် ထုတ်လုပ်မှု ကဏ္ဍကို ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့ပြီးနောက် ယခုတစ်ဖန် Toyotaကပါ အလားတူ ဆုံးဖြတ်လာခြင်း ဖြစ်သည်။ "ဩစတြေးလျမှာ နောက်ထပ် မော်တော်ကားသစ်တွေ ဆက်ပြီး ထုတ်လုပ် ရောင်းချနေနိုင်မယ်၊ ပြီးတော့ ဒီနိုင်ငံရဲ့ လုပ်အားရင်းမြစ်အတွက် မြှုပ်နှံမှုတွေ လုပ်ဆောင်ပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ခဲ့ပါတယ်"ဟု Toyota ကုမ္ပဏီ ဥက္ကဋ္ဌ အာကီအို တိုယိုဒါက ဆိုသည်။

၎င်းက "ဒါပေမဲ့လည်း အနုတ်လက္ခဏာဆန်တဲ့ အကြောင်း အမျိုးမျိုး ပေါ်ပေါက်လာခဲ့တယ်။ ဥပမာ ဆိုပါစို့။ ဈေးကွက်ထဲမှာ လွန်လွန်ကဲကဲ ပြိုင်ဆိုင်မှုတွေ ရှိလာတယ်။ ဩစတြေးလျ ဒေါ်လာကလည်း တန်ဖိုးမာလွန်းနေတယ်။ မျှော်မှန်းချက် အခြေအနေတွေကို ကျွန်တော်တို့ ပြန်ကြည့်ပါတယ်။ နောက်ဆုံးတော့ ဩစတြေးလျမှာ မော်တော်ကားတွေ ထုတ်လုပ်နေတဲ့ ကဏ္ဍကို လျှော့ချရပ်ဆိုင်းလိုက်ဖို့ပဲ ရှိတော့တယ်။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ နာနာကျင်ကျင်နဲ့ ချမှတ်ခဲ့ရတာ ဖြစ်ပါတယ်"ဟုလည်း သတင်းထောက်များအား ပြောကြားသွားသည်။

0 comments:

Post a Comment