11.2.14

ဆီးရီးယား တိုက်လေယာဉ်များ ချဉ်းကပ်၍ ကြားဖြတ် တိုက်ခိုက်ရန် တူရကီ ကြိုးပမ်းခဲ့


တူရကီနိုင်ငံ တောင်ပိုင်းသို့ ချဉ်းကပ်လာသော ဆီးရီးယား တိုက်လေယာဉ် နှစ်စင်းအား F-16 ဂျက်တိုက်လေယာဉ် လေးစင်းဖြင့် ဖေဖော်ဝါရီ ၈ ရက်က ကြားဖြတ်တိုက်ခိုက်ရန် ထပ်ကြပ်လိုက် ခဲ့ကြောင်း တူရကီစစ်ဘက်က ထုတ်ပြန်ကြေညာခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
တူရကီ နိုင်ငံတောင်ပိုင်း Hatay ပြည်နယ် Cilvegozu နယ်စပ်ဂိတ် တောင်ပိုင်းသို့ ချဉ်းကပ်လာသော ဆီးရီးယား MIG-25 ဂျက်တိုက်လေယာဉ် တစ်စင်းအား ကြားဖြတ် တိုက်ခိုက်ရန် တူရကီနိုင်ငံ၏ F-16 ဂျက်တိုက်လေယာဉ် နှစ်စင်းဖြင့် ထပ်ကြပ်လိုက်ခဲ့ ကြောင်းနှင့် ၎င်းဆီးရီးယား တိုက်လေယာဉ်သည် တူရကီနယ်စပ်မှ ရေမိုင် ၂ ဒသမ ၇ မိုင် အကွာသို့ ထွက်ခွာသွားကြောင်း တူရကီ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Necdet Ozel က ပြောကြားခဲ့သည်။ အလားတူ တူရကီနိုင်ငံ တောင်ပိုင်း Hatay ပြည်နယ် Karbeya ဒေသတောင်ပိုင်းသို့ ချဉ်းကပ်လာသော ဆီးရီးယား MI-17 ရဟတ်ယာဉ်အား တူရကီနိုင်ငံ၏ F-16 ဂျက်တိုက်လေယာဉ် နှစ်စင်းဖြင့် ထပ်ကြပ်လိုက်နိုင်ခဲ့ကြောင်းနှင့် ၎င်း MI-17 ရဟတ်ယာဉ်သည် တူရကီနယ်စပ် ရေမိုင် ၃ ဒသမ ၇ မိုင်အကွာသို့ ထွက်ခွာ သွားကြောင်း သိရသည်။ ၂ဝ၁၂ ခုနှစ်အတွင်း တူရကီတိုက် လေယာဉ်တစ်စင်းအား ဆီးရီးယားနိုင်ငံက ပစ်ချခဲ့သည့် အချိန်မှစ၍ နှစ်နိုင်ငံအကြား ဂျက်တိုက်လေယာဉ်များအား ကြားဖြတ် တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်းနှင့် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ အတွင်း ဆီးရီးယားနိုင်ငံ၏ MI-17 တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းအား တူရကီ နိုင်ငံက ပစ်ချခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment