17.2.14

ဖွဲ့စည်းပုံပြင်ရေး ပြည်ထောင်စုလွှတ်တော်ထောက်ခံမှု ၇၅ မှ ၃၈ ရာခိုင်နှုန်းထိ လျှော့ချရန် ပြည်ခိုင်ဖြိုးအမတ် အဆိုတင်မည်


လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ထောက်ခံမှသာ ဖွဲ့စည်းပုံပြင်ဆင်နိုင်မည့် အချက်ကို ၇၅ ရာ ခိုင်နှုန်းအစား ၃၈ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရန် လွှတ်တော်တွင် အဆိုတင်သွင်းသွားမည်ဟု ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မဇ္ဈိမကို ပြောသည်။

“ဖွဲ့စည်းပုံပြင်ဆင်ဖို့ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံရမယ်လို့ ပါတယ်။ တကယ် ဆို ဒီလောက်အများကြီး မလိုဘူး။ လွှတ်တော်ထဲက ၃၈ ရာခိုင်နှုန်းဆို ရပြီ၊ အပြင်ကထောက်ခံမယ့် ၃၇ ရာနှုန်းနဲ့ဆို ၇၅ ရာနှုန်း ပြည့်ပြီလေ။ အဲဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် ထောက်ခံနှုန်းကို ၇၅ ရာ နှုန်း ထောက်ခံခိုင်းတာ လျှော့ဖို့လိုတယ်”ဟု ဦးလှဆွေက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က) တွင် “ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် လက်ခံသဘောတူရမည်ဖြစ်ပြီး ယင်းနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲရမှသာ ပြင်ဆင်နိုင်မည် ဖြစ်သည်ဟု ပါဝင်သည်”ဟူသည့် ပုဒ်မကို ဦးလှဆွေက ပြင်ဆင်လိုခြင်းဖြစ်သည်။
၎င်းက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၌ ဖွဲ့စည်းပုံပြင်ဆင်ရန် လိုအပ်သော ပြည်သူထက်ဝက်ကျော် ထောက် ခံသည့် မဲကို ၃၇ ရာခိုင်နှုန်းအဖြစ် ပြင်ဆင်လိုသည်။

ဖွဲ့စည်းပုံပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကို ၃၈ရာခိုင်နှုန်း သို့ ပြင်ဆင်ရန် အဆိုတင်သွင်းမည့်အချိန်ကို ထုတ်ဖော် ပြောဆိုခြင်းမရှိသော်လည်း သူ၏အဆိုကို ထောက်ခံမည့်သူများ ရှိပြီးဖြစ်သည်ဟုလည်း ဦးလှဆွေက ပြောသည်။

လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ ဆွေးနွေးမှုများကို စောင့်ဆိုင်းနေပြီး ယင်းနောက် အဆိုတင်မည်ဟု လည်း ဦးလှဆွေက ဆိုသည်။

“သူတို့အဖြေက ဘယ်လိုထွက်မလဲဆိုတာကို စောင့်ပြီး အဆိုကို တင်သွင်းမယ်။ ဘယ်တော့လဲဆိုတာ တော့ မပြောတတ်သေးဘူး။ ဒီလိုမျိုးကို ဘယ်သူကမှ မစဉ်းစားဖြစ်ဘူး”ဟု ပြောသည်။

အဖွဲ့ဝင် ၃၁ ဦးပါကော်မတီတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၄ ဦး၊ အန်အယ်လ်ဒီ နှစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တစညပါတီ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဖလုံစဝေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ တို့မှ တစ်ဦးစီတို့ ပါဝင်သည်။

Mizzima - News in Burmese

0 comments:

Post a Comment