17.2.14

အမေရိကတက္ကသိုလ် ဒေါ်လာ ၁၀,၀၀၀ ပညာသင်ဆု လျှောက်ထားနိုင်



17-2-2014

အမေရိကန် ပညာရေးစနစ်နှင့် ဘာသာရပ်အလိုက် ဝင်ခွင့် လိုအပ်ချက်များနှင့် ပတ်သက်၍ University of Vermont ၏ ကျောင်းတာဝန်ရှိသူ Mr. Devin က ရန်ကုန်မြို့ UMFCCI ခန်းမ၌ ဖေဖော်ဝါရီ လ ၂၂ ရက် စနေနေ့တွင် ကျင်းပမည့် နိုင်ငံတကာ ပညာရေးပြပွဲတွင် ရှင်းလင်း ဆွေးနွေးမည် ဖြစ်ပြီး မြန်မာနိုင်ငံ မှ ကျောင်းသား၊ ကျောင်းသူများ သတ်မှတ်ပညာ အရည်အချင်း ပြည့်မီပါက ပညာသင် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ လျှောက်ထားနိုင်ကြောင်း ယင်းပြပွဲ ကိုစီစဉ်သည့် CROWN Education မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ပညာသင် ထောက်ပံ့ကြေးအတွက် တက္ကသိုလ်ဝင်တန်း သို့မဟုတ် IGCSE အောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး ရရှိထားသော အမှတ်နှင့် အင်တာဗျူး ဖြေဆိုမှုကို ဆုံးဖြတ်၍ ချီးမြှင့်မည် ဖြစ်ကြောင်း၊ University of Vermont သို့ ဝင်ခွင့်ရရှိပြီး ပညာထူးချွန်၍ သတ်မှတ် အရည်အချင်း ပြည့်မီပါက ကျန်စာသင်နှစ်များတွင် ထပ်မံ၍ ပညာသင် ထောက်ပံ့ကြေးများ ရရှိနိုင်ကြောင်း ယင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။

University of Vermont ကို ၁၇၉၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အမေရိကန် အစိုးရ၏ ရန်ပုံငွေ ထောက်ပံ့မှု ရရှိထားသော တက္ကသိုလ်ဖြစ်ကာ အမေရိကန် ပြည်ထောင်စု၏ အရှေ့မြောက်ပိုင်း Vermont ပြည်နယ်တွင် တည်ရှိသည်။ ဘွဲ့ကြို ဘာသာရပ်ပေါင်း ၁၀၀ ကျော်၊ ဘွဲ့လွန် ဘာသာရပ် ၄၈ ခုနှင့် ပါရဂူဘွဲ့ ၂၁ ခု ပို့ချပေးကာ ကျောင်းသား ကျောင်းသူပေါင်း ၂၀,၀၀၀ ကျော် သင်ယူနေလျက် ရှိသည်။ Alumni (ကျောင်းသူကျောင်းသား ဟောင်းပေါင်း) ၉၀,၀၀၀ ကျော် ရှိပြီး ဆေးပညာနှင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ပုဂ္ဂိုလ်များ ပေါ်ထွက်သည့်ကျောင်း ဖြစ်သည်။

US News and World Report အရ အမေရိကန် ထိပ်တန်း တက္ကသိုလ်အဆင့် (၉၂) တွင် ရှိသည်။
ကျောင်းသားများ ရွေးချယ် သင်ယူနိုင်သော ဘာသာရပ်များမှာ Agriculture & Life Sciences, Arts & Sciences, Business Administration, Education & Social Services, Engineering & Mathematical Sciences, Environment & Natural Resources နှင့် Nursing & Health Sciences တို့ ဖြစ်ကြပြီး ဝင်ခွင့်ဆိုင်ရာ အင်္ဂလိပ်စာ အရည်အချင်း IELTS 6.0 ရှိရန် လိုအပ်သည်။

ပထမနှစ်နှင့် ညီမျှသော Global Gateway Program မှာ ရှစ်လကြာမြင့် မည်ဖြစ်ကာ ပြီးမြောက်ပါက ဒီဂရီ ဒုတိယနှစ်တွင် မိမိနှစ်သက်ရာ အထူးပြု ဘာသာရပ်များကို ရွေးချယ် တက်ရောက်နိုင်သည်။

အသေးစိတ် သိရှိလိုသူများနှင့် နိုင်ငံတကာ ပညာရေးပြပွဲသို့ တက်ရောက်လိုပါက CROWN Education ဖုန်းနံပါတ် ၀၁-၅၂၇၈၃၈ နှင့် ၀၉-၇၃၂၇၃၂၇၇ တို့သို့ ဆက်သွယ် စုံစမ်းစာရင်း ပေးသွင်းနိုင်သည်။
The Voice Weeklyhttp://www.themeltingpot4u.com/2014/02/blog-post_8793.html

0 comments:

Post a Comment