17.2.14

လွတ်လပ်စွာဟောပြောခွင့်အတွက် ခေတ်နောက်ပြန်ဆွဲသည့် အတွေးအခေါ်များ စွန့်လွှတ်သင့်ပြီ


ထင်ရှားသည့် စာရေးဆရာသုံးဦးကို ရာသက်ပန် စာပေဟောပြောခွင့် ပွဲမိန့်ပိတ်ပင်လိုက်သည့် သတင်း သည် အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသည့် မြန်မာနိုင်ငံအတွင်း လွတ် လပ်စွာ ဟောပြောခွင့်အတွက် အလွန်စိုးရွံ့ဖွယ် သတင်းတစ်ပုဒ်ပင် ဖြစ်သည်။
အကြောင်းပြချက်အဖြစ် စာရေးဆရာတို့၏ ဟောပြောမှုများသည် နိုင်ငံရေး ပါတီအတွက် မဲဆွယ်စည်းရုံး မှုဆန်ခြင်း၊ ဟောပြောပွဲသို့ လာ ရောက်နားထောင်သူများအတွက် မည်သည့်ဗဟုသုတကိုမျှ မပေးခြင်းတို့ ကြောင့် ဟောပြောခွင့်ကို ပိတ်ပင်လိုက်ခြင်းဟု ဒေသအာဏာပိုင်တို့က ဆိုသည်။

ဤသို့သော အပြုအမူ၊ အလုပ်အကိုင်တို့သည် ၂၀၁၀ မတိုင်ခင် စစ်အုပ်ချုပ်ရေးစနစ်ကာလက အခြေ အနေအတိုင်း ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် “လွတ်လပ်စွာ ဟောပြောခွင့်” အတွက် စိုးရွံ့ဖွယ် အခြေ အနေဟု ထောက်ပြပြောဆိုရခြင်း ဖြစ်သည်။
၂၀၀၇ မှ ၂၀၁၀ ပြည့်နှစ်များအတွင်းကလည်း ရဟန်းသံဃာများ တရားဟောပြောခွင့် ပိတ်ပင်ခံရခြင်း၊ စာရေးဆရာတို့ စာပေဟောပြောပွဲများ ဖျက်သိမ်းခံရခြင်း၊ ပိတ်သိမ်းခဲ့ရခြင်းတို့ ဖြစ်ပေါ်ခဲ့ဖူးသည်။သို့သော် ယနေ့ကာလ၊ ယနေ့အခြေအနေသည် လွန်ခဲ့သောစနစ်ကကဲ့သို့ ခေတ်နောက်ပြန်ဆွဲသည့် အတွေး အခေါ်များ၊ အယူအဆများ ဆက်လက်ယူ ဆောင်လာရန် မသင့်တော့ပေ။
ကမ္ဘာ့ကုလသမဂ်္ဂအဖွဲ့ကြီး၏ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော် ၁၉၄၈ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့သော လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ တွင် “လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်ခွင့်ရှိသည်” ဟူ၍ ဖော်ပြထားသည်ဖြစ်ရာ အဆိုပါပြဋ္ဌာန်းချက်နှင့်လည်း ဖီလာဆန့်ကျင် ၀ိရောဓိဖြစ်လျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်သည်။
“လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟ ပြောဆိုနိုင်ခွင့်ရှိသည်” ဟူသည့် အနက်သည် စာရေးဆရာတစ်ဦးဟောပြောသည့် စာပေဟောပြောပွဲသာမက၊ ဘာသာရေး ခေါင်းဆောင် များဟောပြော သည့် တရားပွဲအဆုံး လူအားလုံးသည် လွတ်လပ်စွာ ဟောပြောခွင့်ရှိသည်။

စာရေးဆရာတို့ ဟောပြောသည့် စာပေဟောပြောပွဲ၊ ဘာသာရေး ခေါင်းဆောင်တစ်ဦးဟောပြောသည့် ဓမ်္မတရားပွဲ၊ နိုင်ငံရေးသမားတစ်ဦး ဟောပြောသည် နိုင်ငံရေးဒဿနများ၊ လယ်သမားတစ်ဦး ဟောပြော သည့် သူ့ဘ၀အတွေ့အကြုံအဆုံး စသည်စသည် ဟောပြောပွဲများကို မည်သို့ပင် ခေါင်းစဉ်တပ်စေကာမူ လူတိုင်းလူတိုင်းသည် လွတ်လပ်စွာ ဟောပြောခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းတွင် ပါရှိသည့် ပုဒ်မ ၃၅၄ (က) တွင်လည်း နိုင်ငံသားတိုင်းသည် “မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များ ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ချိခွင့်” ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာဟောပြောခွင့်ကို လူ့အခွင့်အရေး ကြေညာစာတမ်းတွင် သာမက၊ ၂၀၀၈ ဖွဲ့စည်းပုံတွင်ပါ ပြဋ္ဌာန်းပါရှိပြီးဖြစ်ရာ လူတစ်ဦး တစ်ယောက်ကသော်လည်းကောင်း၊ အာဏာပိုင်အဖွဲ့ စည်းကသော်လည်းကောင်း၊ အစုအဖွဲ့တစ်ခုကသော်လည်းကောင်း ပိတ်ပင်တားဆီး ပိုင်ခွင့်မရှိပေ။

ဟောပြောပွဲများ ကန့်ကွက်၊ ပိတ်ပင်တားဆီးမှုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်ပုဒ်မ ၃၄၈ ကို လည်း သတိမူသင့်သည်။ ပုဒ်မ ၃၄၈ တွင် “နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်း ပြု၍ ခွဲခြားမှုမရှိစေရ”” ဟု ပြဋ္ဌာန်းထားသည်။

ထိုကဲ့သို့ လူတစ်ဦးတစ်ယောက်၏ လွတ်လပ်ခွင့်ကို လူ့အခွင့်အရေး ကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များ အပြင်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံသား အခွင့်အရေးတွင်လည်း အတိအလင်း ပြဋ္ဌာန်းထားပါလျက် ကန့်ကွက်ခြင်း၊ ပိတ်ပင်မှုလုပ်ဆောင်နေခြင်းတို့သည် ခေတ်နောက်ပြန်ဆွဲသည့် အတွေးအခေါ် အယူအဆများပင် ဖြစ်သည်။ ထိုအယူအဆများသည် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေသောကြောင့် စွန့်လွှတ်သင့်ပြီဖြစ်ကြောင်း တိုက်တွန်း လိုက်ရ ပါသည်။
www.facebook.com/mmcities
Reposted by panei
Credit to Mizzima

0 comments:

Post a Comment