17.2.14

လယ်သမားများအတွက် အထောက်အကူပြု လယ်ယာလုပ်ငန်းခွင် သင်တန်းပေးမည်


ယုဝေ|ဖေဖော်ဝါရီ ၁၇ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်။

တောင်သူလယ်သမားများ သိသင့်သည့် ဥပဒေများနှင့် စိုက်ပျိုးနည်းစနစ်များ အကြောင်း သင်ကြားပေး မည့် တောင်သူလယ်သမား
အထောက်အကူပြု လယ်ယာလုပ်ငန်းခွင်သင်တန်း အပတ်စဉ်(၆)ကို ဧရာဝ တီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ မိုးပြာကျေးရွာ၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖွင့်လှစ်မည်ဟု သင်တန်းစီစဉ် ပေးသည့် ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ အလုပ်အမှုဆောင်ဒါရိုက်တာဦးသောင်း ထွန်းက မဇ္ဈိမကို ပြောသည်။ သင်တန်းတက်မည့် တောင်သူလယ်သမားများအတွက် လမ်းစရိတ်နှင့်စားစရိတ်ကို ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့က ပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ခုနစ်ရက်ကြာမြင့်မည် ဖြစ်သည်။

“တောင်သူလယ်သမားတွေအတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေက အရမ်းများပါတယ်။ ဒီသင်တန်းကနေ တောင်သူလယ်သမားတွေကို စိုက်ပျိုးရေးနည်းပညာ ဖြန့်ဖြူးပေးမယ်။ပြီးတော့ ကိုယ့်အခွင့်အရေး ကို ကာကွယ်နိုင်ဖို့၊ သိရှိဖို့ သင်ကြားပေးပါမယ်”ဟု ဦးသောင်းထွန်းက ပြောသည်။

သင်တန်းတွင် စိုက်ပျိုးရေးပညာဗဟုသုတ၊ ဇီဝမြေသြဇာထုတ်ဖော်ပုံ၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ၊ အသင်းအဖွဲ့လိုက် စုပေါင်း ခေါင်းဆောင်မှု အနုပညာ၊ လယ်ယာမြေ အဆင့်ဆင့် အမွေဆက်ခံပုံ၊ ပိုင်နက်ကျူးလွန်မှုနှင့် အကျိုးစီးပွားပျက်စီးစေမှု ဥပဒေဆိုင်ရာများအစရှိသည့် အကြောင်းအရာများကို ပညာရှင်ခြောက်ဦးက သင်ကြားပေးမည်ဖြစ်သည်။

သင်တန်းသားဦးရေ ၂၅ ဦး လက်ခံသွားမည်ဖြစ်ပြီး တက်ရောက်လိုသူ တောင်သူလယ်သမားများအနေဖြင့် ကျေးရွာအုပ်စု တစ်စုလျှင် လယ် ၁၀ ဧကအောက် ပိုင်ဆိုင်သော တောင်သူလယ်သမားများ ဖွဲ့စည်း ထားသည့် အစိုးရအသိအမှတ်ပြု “တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးလုပ်သားများ အခြေခံအလုပ်သမားအဖွဲ့အစည်း”များမှ ဆက်သွယ်နိုင်မည်ဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုဖော်ဆောင်ရေးအဖွဲ့မှ သင်တန်းနည်းပြ ဦးကျော်ဇေယျာလွင်က “သင်တန်းလိုချင်တဲ့ တောင်သူလယ်သမားတွေက သူတို့နယ်တွေကို ဖိတ်ခေါ်ရင်လည်း သင်တန်းကို လိုက် ဖွင့်ပေးပါတယ်။ ဖိတ်ခေါ်တဲ့ဒေသတွေကို ဆရာတွေနဲ့အတူ သင်တန်းပေး ပေးပါတယ်”ဟု ပြောသည်။

ငါးကြိမ် ဖွင့်လှစ်ပြီးဖြစ်သော လယ်ယာလုပ်ငန်းခွင် သင်တန်းကျောင်းသို့ တက်ရောက်ပြီးစီးသော သင် တန်းသား တောင်သူလယ်သမားဦးရေ ၁၀၀ ကျော်ရှိပြီးဖြစ်ကာ သင်တန်းတွင် သင်ကြားသော သင်ခန်းစာများကို အပိုင်းလိုက် လာရောက်လေ့လာသူ တောင်သူဦးရေ ၆၀ ကျော် ရှိပြီဖြစ်သည်။

0 comments:

Post a Comment