17.2.14

ကြီးလေးကြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အကောင်အထည်ဖော်ရန် ဆန္ဒပြတောင်းဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည် ထောင်စုလွှတ်တော်နာယကတို့နှင့် တွေ့ဆုံရန် တောင်းဆိုထားသည့် လေးပွင့်ဆိုင် တွေ့ဆုံရေး အ ကောင်အထည်ဖော်ပေးရန် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၆ ရက် က လူအင်အား ၅၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အဆိုပါဆန္ဒပြပွဲတွင် ဦးဆောင်သူ ဦးကျော်သူက မဇ္ဈိမကို ပြော သည်။


ဆန္ဒဖော်ထုတ်ရာတွင် အချက်သုံးချက် တောင်းဆိုခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်သူသဘော မတူသောပုဒ်မများ ဖျက်သိမ်းပေးရေးနှင့် လေးပွင့်ဆိုင်တွေ့ဆုံရေး အကောင်အထည်ဖော်ပေးရန်တောင်း ဆိုခဲ့သည်။

ဦးကျော်သူက “ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ကို ကျွန်တော်တို့က ဖြစ်စေချင်တာ။ ပြီးတော့ ပြည်သူတွေသဘောမတူ တဲ့ ပုဒ်မတွေအားလုံးကိုပါ ဖျက်သိမ်းပေးဖို့ပေါ့။ ဒီအချက် သုံးချက်ကိုပဲ တောင်းဆိုတာပါ”ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ခွင့်တင်ရာတွင် လူအင်အား ၁၀၀၀ ခွင့်ပြုရန် တင်ပြခဲ့သော်လည်း လူ ၃၀၀ ဖြင့်သာ ပြသ ရန် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၁၁ ရက်က ခွင့်ပြုခဲ့သည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၁၆ ရက် နေ့လယ် ၁၀ နာရီမှ ၁၂ နာရီအထိ ပြုလုပ်ခဲ့ပြီး သန်လျင်မြို့ဒေသခံများနှင့်အတူ တောင်ပိုင်း ခရိုင် ကျောင်းသားများသမဂ္ဂလည်း ပူပေါင်းပါဝင်ခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ခြင်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ၂၃ ရက်က သမ္မတ၊ လွှတ် တော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးလိုသည်ဟု မေတ္တာရပ်ခံချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံထားသည့် လေးပွင့်ဆိုင်ဆွေးနွေးလိုခြင်းကို ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထားတင်ရမည့် အဖွဲ့ဝင် ၁၀၉ ဦးပါ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းရန် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က သဘော ထားရှိသည်ဟု နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ် က နိုဝင်ဘာလက မဇ္ဈိမကို ပြောကြားထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ၎င်း၏သုံးသပ်ချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ ဇန်န၀ါရီ ၃၁ ရက်က တင်သွင်းခဲ့သည်။

ယင်းသို့ကမ်းလှမ်းထားခြင်းနှင့်ပတ်သက်ပြီး “ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်း စုကြည်၏ ကမ်းလှမ်းထားမှုကို မိမိအနေဖြင့် လက်ခံသော်လည်း သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့မှာမူ ၎င်းတို့၏ သုံးသပ်ချက်အရသာ ဆောင်ရွက်မည်ဖြစ်သည်”ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းက ဇန်န၀ါရီ ၂၃ ရက်တွင် မီဒီယာများကို ပြောသည်။

Mizzima - News in Burmese

0 comments:

Post a Comment