19.2.14

တကယ်တော့ ဒီတံတားကြီးဟာ ၆လမ်းသွားလမ်းမကြီးပါ။


မဟာဗန္ဓုလတံတားကြီးပေါ်က ပုံပါ။
တကယ်တော့ ဒီတံတားကြီးဟာ ၆လမ်းသွားလမ်းမကြီးပါ။
ဒါပေမယ့် ပုံထဲက မြင်ရတဲ့ လုံခြုံရေးရဲကင်းတဲတွေက လမ်းဟိုဖက်ဒီဖက်မှာ အစီအရီ ရှိနေကြတော့ ၄လမ်းသွားလိုပဲဖြစ်နေပါတယ်။
တံတားပေါ်မှာ ရဲကင်း (၃)ခုရှိပါတယ်။
ရဲကင်းတဲတွေက ရှေ့မှာပါ သဲအိတ်ဘန်ကာတွေပြုလုပ်ထားကြတော့ ယာဉ်ကြောတစ်ကြောပျောက်သွားတာပေါ့။

ကားတွေက အစမှာ ယာဉ်ကြော ၆လမ်းစလုံးမောင်းလာရာကနေ ရဲကင်းနားရောက်ရင် ရှောင်ဖို့ ယာဉ်ကြောပြောင်းရပါတော့တယ်။
အရင် ကားတွေနည်းတဲ့အချိန်တွေတုန်းက သိပ်အကြောင်းမဟုတ်ပေမယ့် မဟာဗန္ဓုလတံတားကြီးတစ်ဝိုက် ကားအလွန်ရှုပ်လာတဲ့ ခုလိုအချိန်မှာတော့ ရဲကင်းတွေကို ရှောင်မောင်းရတာ နေ့စဉ်အပို အလုပ်တစ်ခုလိုဖြစ်နေပါတော့တယ်။

ပိုဆိုးတာက အဲဒီ တံတားကြီးပေါ်မှာ ကွန်တိန်နာကား၊ သစ်လုံးကားကြီးတွေ အလွန်များလှတာမို့ ခုလို အရှိန်နဲ့ မလွတ်မကင်း ရှောင်ရတဲ့အခါ အန္တရာယ်လည်းရှိပါတယ်။ ရဲကင်းတွေအတွက်လည်း အန္တရာယ်ရှိတာပါပဲ။

ကျွန်တော် လုံခြုံရေးသဘောတရားတွေကိုတော့ သိပ်နားမလည်ပါဘူး။
အဲဒီတံတားကြီးပေါ် နေ့နေ့ညည အိမ်သာမရှိဘာမရှိနဲ့ တာဝန်ယူနေကြရတဲ့ ရဲဝန်ထမ်းများကိုလည်း စာနာမိပါတယ်။

ဒါပေမယ့် ဒီလို လုံခြုံရေးအကြောင်းပြချက်နဲ့ လူအများ နေ့စဉ် အခက်အခဲဖြစ်နေကြရတာကိုတော့ သိပ်မနှစ်မြှို့လှပါဘူး။
အရင်ခေတ်တုန်းက ဒီလိုကိစ္စတွေဟာ သိပ်မထောင်းတာလှပေမယ့် ခုခေတ်မှာတော့ ဒီကိစ္စမျိုးဟာ ပြုပြင်သင့်ပြီလို့ ထင်မိပါတယ်။

သဲအိတ်၊ သံဆူးကြိုးတန်းများစွာနဲ့ ကာရံထားတာဟာ ငြိမ်းချမ်းတဲ့ မြို့ပြအသွင် မဆောင်ပါဘူး။

တစ်ခြားနိုင်ငံတွေမှာတော့ လူနေထူထပ်တဲ့ မြို့ပြဧရိယာတွေမှာ လူတွေစိတ်လက်ပေါ့ပါးအောင် ယူနီဖောင်းဝတ်ရဲတွေကိုတောင် သိပ်မထားကြပဲ အရပ်ဝတ်နဲ့ရဲတွေကို ချထားလေ့ရှိတယ်လို့ ကြားဖူးပါတယ်။

ဘာပဲဖြစ်ဖြစ် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူများအားလုံးကို ဒီလို အသေးအဖွဲကိစ္စလေးတွေကအစ၊ ပြည်သူကို ဦးထိပ်ပန်ဆင်တဲ့ စိတ်ဓာတ်နဲ့ ပြည်သူတွေ အဆင်ပြေဖို့အတွက် စဉ်းစားပေးစေချင်မိတာပါ။

တကယ်တော့ တံတားစဆောက်ကတည်းက အင်ဂျင်နီယာတွေနဲ့
သေချာညှိနှိုင်းတိုင်ပင်ထားရင် ရဲကင်းအတွက် Slabbing ကို တံတားအပြင်ဖက် နည်းနည်းထုတ်ပြီး ပိုလောင်းထားလို့ ရပါတယ်။ သိပ်ခက်တဲ့အလုပ်မဟုတ်ပါဘူး။

လူအများအတွက် အဆင်ပြေချောမွေ့ရေးကို ထည့်တွက်စဉ်းစားပေး
တာဟာလည်း အလေ့အကျင့်တစ်ခုလို လုပ်ယူမှ ရတာပါ။ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုလည်း ဖြစ်ပါတယ်။

မြင်မိတာလေးကို ကောင်းစေချင်တဲ့စေတနာလေးနဲ့ ပြောမိတာ
အမှားပါရင် ခွင့်လွှတ်ပါဗျာ။

Kyaw Hlaing Win
Thit Htoo Lwin blog

0 comments:

Post a Comment